Monday, July 30, 2007
ခေတ်သစ်ရဲ့ကမ်းပါး
သူနဲ့ပြန်တွေ့တော့ သူ့ရုံးမှာ သုံးနေတဲ့ကွန်ပျူတာအကြောင်း ပြောပြတယ်..။ Pentium II Celeron 1.0 GHz တဲ့ဗျာ..။ Memory 128 ကို Windows XP တင်ပြီးသုံးသတဲ့..။ DVD Writer ကလည်း တပ်ထားတယ်တဲ့..။ ကျွန်တော်က ပြတိုက်မပို့သေးဘူးလားလို့ မေးတော့.. ဟကောင်ရ.. ငါ့ရုံးက ဘော့စ်က အဲဒါကို နောက်ဆုံးထွက်တဲ့ Windows Vista ကို တင်သုံးဖို့လာပြောနေလို့ မနည်းပြန်ပြောလွှတ်လိုက်ရတယ်လို့ ပြောတယ်..။
ဟုတ်တာပေါ့..။ Windows Vista ရဲ့ Recommand Memory က 1GB ကိုး..။ ကျွန်တော်သူ့ကို ပြန်ပြောတယ်..။ မင်းဘော့စ်ကို ပြောလိုက် .. Windows Vista ကျွန်တော်စမ်းတင်ကြည့်တယ်ဗျာ..။ ဒါပေမယ့် ကျွန်တော်စက်ထဲကို Software Install လုပ်တဲ့အချိန်မှာ Message တစ်ခုပေးတယ်..။ ဘာလဲဆိုတော့ Windows ကို ဒီလိုတင်ဖို့ကြိုးစားတဲ့အတွက် မင်းရဲ့ဦးနှောက်ကို အရင် Upgrade လုပ်ပါဆိုတဲ့ Message ပဲလို့ ပြောလိုက်လို့ ကျွန်တော်သူ့ကို အကြံပေးလိုက်တယ်..။ သူလည်း ရယ်..။ ကျွန်တော်လည်း ရယ်ပေါ့လေ..။ အမှန်က ကျွန်တော်အဲဒါ ဟာသ တစ်ပုဒ်မှာဖတ်ဖူးတာပါ..။ သူ့ကိုနောက်ချင်လို့သာ နောက်လိုက်တာပါ..။

ကွန်ပျူတာ ပညာရှင်တစ်ယောက် ဖွံ့ဖြိုးဆဲနိုင်ငံမှာ နေထိုင်လို့မရခြင်းရဲ့အကြောင်းအရင်း ပညာတတ်တွေ ပျံ့နှံ့ထွက်သွားခြင်းရဲ့အကြောင်းအရင်းက ဒါပါပဲ..။ နည်းပညာနောက် လိုက်ချင်တဲ့အတွက် နည်းပညာကို လေ့လာရတယ်..။ နောက်ထပ်အသစ်အသစ်ဖြစ်နေတဲ့ နည်းပညာကိုလည်း ဆက်တိုက်လုပ်ရတယ်..။ မလုပ်ရင်လည်း မဖြစ်..။ လုပ်ရင်လည်း အခက်..။ လူဟာကြားမှာ သိပ်ကိုညပ်ပိလာတယ်..။
ကမ္ဘာစစ် အတောအတွင်း စစ်ဘက်မှာ ကွန်ပျူတာသုံးရကောင်းမှန်း သိလာတယ်..။ နည်းပညာ ဆာလောင်မှုဟာ တရစပ်ဖြစ်တယ်..။ ၁၉၈၀ နောက်ပိုင်းခေတ်တွေရဲ့ နည်းပညာဆာလောင်မှု ဖန်တီးမှု အရှိန်အဟုန် မြင့်သည်ထက်မြင့်တက်လာတယ်..။ နောက်ဆုံး လူတွေ နည်းပညာကို ကြောက်ရွံ့မှုပါ ဖြစ်လာရတယ်..။ တစ်နည်းပြောရရင် Technomania ကနေ Technophobia ကို ပြောင်းတယ် ပြောရမယ် ထင်ပါရဲ့..။
ဘာရယ်မဟုတ်ဘူး..။ စဉ်းစားမိတာကို စကားမစပ် ပြောမိတာပါ..။
Saturday, July 28, 2007
Book Review - ကျွန်မ၏သစ်ပင်
ကျွန်မ၏ သစ်ပင်

စာမူခွင့်ပြုချက်အမှတ် - ၆၇၇/၉၆(၁၁)
မျက်နှာဖုံးပန်းချီ - ပိုပို
ပုံမှန်အားဖြင့် စာရေးဆရာမဂျူးရေးသော စာအုပ်များကို ဖတ်လေ့ဖတ်ထ မရှိလှပါ။ လွန်ခဲ့သောစာအုပ် (စောင့်နေမယ်လို့ မပြောလိုက်ဘူး) ဆိုသော ၀တ္ထုမှစတင်ကာ စာရေးဆရာမဂျူး၏ စာအုပ်များကို တခုတ်တရလိုက်လံဖတ်ရှုမိသည်။ ခေတ်နှင့် စနစ်၊ လူငယ်သဘာဝနှင့် ဘ၀အခြေအနေ၊ ဘ၀အဆင့်အတန်း အနိမ့်အမြင့်၊ ပညာ၏ အမွှန်းကို ဂျူး၏၀တ္ထုတော်တော်များများတွင့် တွေ့ရသည်။
ယခုဖတ်ရသောစာအုပ်သည် ကျွန်တော်ကြိုက်သောစာအုပ်တစ်အုပ် ဖြစ်သည်။ ဂီတလောကို အခြေတည်ကာ ဇာတ်လမ်းကိုရေးသားထားသည်။ မိဘနှင့် သားသမီးကြား ဆက်ဆံရေးကို ရေးသားထားသည်မှာ ခေတ်ကာလ၏ အရိပ်ထင်ဟပ်နေသည်။ သို့သော် တချို့နေရာတွေ ကဲလွန်းသွားသည်။ ဆယ်ကျော်သက် သားတစ်ယောက် ဖခင်ကိုပြောသော ပြစ်တင်စွတ်စွဲချက်သည် ပြင်းထန်လွန်းလှသည်ဟု သုံးသပ်မိသည်။
ဂီတအကြောင်းကို အသားပေး ရေးသားထားသည်များ ပါဝင်နေသည်။ Copy နှင့် Owntune အကြောင်းကို ၀တ္ထု၏လေးငါးနေရာလောက်တွင် ရေးသားသည်ကို သတိထားမိသည်။ စာရေးဆရာမဂျူး ဖန်တီးသောဇာတ်ကောင်သည် Copy ကို မတတ်သာ၍ လက်ခံသီဆိုနေရပုံ ပေါ်အောင်ရေးထားသည်။ Owntune ကို အားသန်သန်ဖန်တီးဖို့အတွက် မီးမောင်းထိုးပြသည်။
ကံဆိုသောအရာမှာ လုပ်ယူ၍ရသောအရာတစ်ခုအဖြစ် ပြောသွားသော စကားလုံးကို သဘောကျမိသည်။ ယောက်ျားတစ်ယောက်၏ မာနလား မဟာပုရိသ ၀ါဒလား ယောက်ျားတစ်ယောက်ရင်ထဲတွင် ထားရှိပုံကို ရေးသည်။ အချစ်ဆိုသည့် အရာသည် တစ်ခါ တစ်ခါ မမြင်လိုက်ရ သတိမထားမိလိုက်သလို ဖြစ်နေတတ်သည်။ ရင်ဘတ်ဆီသို့ ငုံ့ကြည့်ဆင်ခြင်လိုက်ရာတွင် ကိုယ်ထင်သည်နှင့် ဖြစ်ပေါ်နေသည့်အရာ လွဲနေပြန်သည်ကို တွေ့ရသည်။
စာမျက်နှာ ၅၁၉ မျက်နှာပါဝင်သည်။ ၁၉၉၇ ဖေဖော်ဝါရီမှာ ပထမအကြိမ် ပုံနှိပ်ထုတ်ဝေသည်။
Credit to Ko ThaKhinGyi to borrow book for me.
Friday, July 27, 2007
A little boy died
A little boy died in
CHECK THIS OUT...




အပြောပိုသူ

ဥာဏ်စမ်းလေး ဖြေပေးပါ

ဘာရေးထားသလဲဗျာ..
အိပ်မက်ကိုအကောင်အထည်မဖော်ဖြစ်လိုက်ရလို့ တစ်သက်လုံး နောင်တရနေမယ့်အဖြစ်မျိုး မဖြစ်ပါစေနဲ့...။
Labels: Notes
Sunday, July 22, 2007
ချစ်သူသို့
ပွင့်ဖတ်စိတ်ကူးပေါ့..။
ရွက်လွှင့်တဲ့ကောင်းကင်ပြင်မှာ ..
ကြယ်ပွင့်တွေ စုံညီခလို့..
လမင်းကော.. ..
သူ နေမကောင်းဘူးတဲ့ ချစ်သူရယ်..။
ချစ်သူရေ..
စွဲကျန်ရစ်တဲ့ရနံ့တွေ လှိုင်သီလို့ ..
ကိုယ့်အတွေးကို ဖြုတ်ယူတယ်..
ကိုယ်.. လွင့်မြောလို့..
အထိအတွေ့ကြား တစ်ခဏလောက်တော့ ..
လစ်ဟာသွားပေါ့..
ချစ်သူရေ..
အိပ်မက်တေးသွားတဲ့လား..
အဆိပ်ရောင်နီမှုန့်မှုန့်..
ကိုယ့်ဘေးမှာ.. ..
မျက်ရည်စတို့ ရောသောက်ပါ့မယ်..။
ကိုယ်သေပါ့မယ်.. ..
ကိုယ့်နှလုံးသားတော့ မဖြုံဘူးတဲ့..။
ချစ်သူရေ..
အကြွင်းမဲ့အဖြစ်အပျက်တွေ..
အရိပ်မဲ့ ညဘက်တွေ..
လေပြေကြားက စကားလုံးပုံစောင်ခဲတွေ..
အိပ်မက်ဦးက ဘီလူး..
တစ်စစီလွင့်မြောလို့ပေါ့..။
.. ...
မဆုံးတဲ့အစအတွက် အစနောက်အဆုံးမဲ့ အရောင်မဲ့ကွင်းပြင်. .. လွင့်မြောပျံ့လွင့်လေရဲ့..။
ချစ်ခြင်းများစွာဖြင့်
---
Tuesday, July 17, 2007
Journalism

ဒီနေရာမှာ Media အကြောင်းထက် Information အကြောင်း အသားပေး ပြောရတော့မယ်..။ ယာဉ်အပြောင်းအလဲ ပေါ်လာတဲ့အတွက် ကုန်များရဲ့ အလူးအလဲ .. တနည်းအားဖြင့် Media ယာဉ်ကြီး သယ်ဆောင်လာတဲ့ Information ဆိုတဲ့ ကုန်တွေရဲ့ အကြောင်း..။
ပထမဆုံးယာဉ်က ပုံနှိပ်စက်..။ အဲဒီ မတိုင်ခင်က အခြေအနေတွေကို ဖြတ်ချပြီး စဉ်းစားကြည့်မယ်..။ ၁၈ ဒါမှမဟုတ် ၁၉ ရာစုက သတင်းစာတွေ လိုက်ဖတ်ကြည့်ရအောင်..။ ဘာတွေ ဖြစ်နိုင်သလဲ..။ အဲဒီခေတ် အဲဒီအခြေအနေတွေ ကြားမှာ တွေ့ရမယ့် သတင်းတွေက အင်ပါယာ ဆန့်ကျင်ရေးနဲ့ အမျိုးသားရေးတွေပဲ တွေ့ရမယ်..။ သတင်းလွပ်လပ်ခွင့် သိပ်ကို အရေးပေးတယ်ဆိုတဲ့ အမေရိကန်မှာ စောင်ရေအများဆုံး ထွက်တဲ့ သတင်းစာကို ကွန်ဂရက်က ကိုင်ထားတယ်..။ သက်ဆိုင်ရာ နိုင်ငံရေးပါတီရဲ့ အာဘော်တွေပဲ ..။
အဲဒါကို ဘ၀င်မကျတာ James Madison။ သူက လူထုသတင်းမပါတဲ့ လူထုသတင်းစာ လို့ သရောခဲ့တယ်..။ အဲဒီအတိုင်းဆို ကျုပ်တို့ စာနယ်ဇင်းလောကက ဟာသပြဇာတ်တစ်ပုဒ်ရဲ့ အစ၊ ဒါမှမဟုတ် အလွမ်းတစ်ပုဒ်ရဲ့ နိဒါန်း၊ ဒါမှမဟုတ် နှစ်မျိုးလုံးရဲ့ ပဏာမသာ ဖြစ်တော့မယ်လို့ သူက နိမိတ်ဖတ်တယ်..။
၁၉ ရာစု ၂၀ ရာစု အကူးမှာ မီဒီယာတွေ ပိုစုံလာတယ်..။ သတင်းလွပ်လပ်ခွင့် အသံတွေ ပိုကျယ်လာတယ်..။ သတင်းဆိုင်ရာ အသံတွေ ပိုကျယ်လာတယ်..။ သတင်းလုပ်ငန်းဟာ ကမ္ဘာနဲ့ချီပြီး လုပ်ကိုင်လာတဲ့ အရေးကြီး စီးပွားရေး လုပ်ငန်းတွေ ဖြစ်လာတယ်..။ ပြောရရင် ဘက်စုံ ဖွံ့ဖြိုးလာတယ်..။
ဒါပေမယ့် ၂၀ ရာစုမှာ ကြီးကျယ်တဲ့ ပုဂ္ဂိုလ်များရဲ့ ခေတ်ဖြစ်တယ်..။ နန်းရင်ပြင် သတင်းများသာ မျက်နှာဖုံးမှာ နေရာ ယူနေခဲ့တယ်..။ ၂၀ရာစုဟာ စစ်ပွဲများရဲ့ ခေတ်ဖြစ်တယ်..။ စာမျက်နှာတွေပေါ်မှာ ယမ်းခိုးတွေနဲ့ မှုန်ဝေ နေဆဲ..။ ၂၀ ရာစုဟာ အယူအစဆိုင်ရာ ငြင်းခုန်ပွဲလည်း ဖြစ်တယ်..။ အစည်းအဝေးခန်းမက စကားလုံးတွေ စာရွက်တွေပေါ် အံကျလာဆဲ..။ အကန့်အသတ် အဖွင့်အပိတ်တွေကို မလွဲမရှောင်သာ ကျင့်သုံးကြတာကနေ James Madison ရဲ့ မျှော်လင့်ချက်နဲ့ ဝေးနေဆဲ..။
တစ်ခု အားကောင်းလာတာက သတင်းဟာ ရောင်းကုန် ဖြစ်လာတယ်.။ သတင်းသမား တချို့က ဈေးကွက်ရဲ့ အသံကို တုန့်ပြန်လာတယ်..။ အတင်းအဖျင်း၊ မှုခင်း၊ ရင်သိမ့်တုန်များ ခေတ်ဖြစ်လာတယ်..။ ဝေဖန်သူများက အ၀ါရောင် စာနယ်ဇင်းလို့ ခေါ်လာတယ်..။ ဒီလိုကနေ .. ဒီလိုကနေ… ….။
နောက်ဆက်တွဲအခြေအနေ
၂၀ ရာစု၊ ၂၁ ရာစုကို ကူးတဲ့နေရာမှာ အရင်အပြောင်းအလဲတွေနဲ့ မတူဘူး..။ Linear (မျဉ်းဖြောင့်) သဘောကနေ Non-Linear မျဉ်းဖြောင့်မဟုတ်တဲ့ ခုန်ကူးသဘောကို ပြောင်းလဲတယ်..။ Age of Discontinue ဆိုတဲ့ သဘောဆောင်တဲ့ အပြောအဆိုတွေ ရှိလာပါတယ်..။ စစ်အေးလွန် ခေတ်ရဲ့ ထူးထူးခြားခြား အောင်မြင်ခဲ့တဲ့ သတင်းတစ်ပုဒ်ပေါ်မူတည်ပြီး ၂၁ ရာစုရဲ့ ဂျာနယ်လစ်ဇင်ကို ပုံဖမ်းကြည့်တယ်..။ ဒိုင်ယာနာရဲ့ ဈာပန သတင်း..။
Media Company ရဲ့ ၀င်ငွေအကောင်းဆုံး သတင်းပါ..။ အဲဒီမှာ သတင်းခေတ့်ရဲ့ ရွေ့လျားမှု တစ်ခု ဖြစ်လာတယ်..။ အချက်အလက်နဲ့ ကောက်ထုတ်ပြရရင်
၁) လူထုရဲ့ စိတ်ဝင်စားမှုဟာ အစိုးရပိုင်းကနေ အစိုးရမဟုတ်တဲ့အပိုင်း ရွေ့တယ်
၂) လူထုအပေါ် အာရုံ နှိုးနိုင်စွမ်းဟာ အစိုးရကနေ အစိုးရမဟုတ်တဲ့ အပိုင်းကို ရွေ့တယ်
၃) စာရွက်မဟုတ်တဲ့ မီဒီယာ (Internet Technology) ဟာ စာရွက် သတင်းမီဒီယာကို အကြီးအကျယ် ခြိမ်းခြောက်တယ်..။
၎) သတင်းတွေ သိပ်ကို အလျှံအပယ် ဖြစ်လာတဲ့အတွက် သတင်းအစာမကြေမှု၊ သတင်းရိုးအီမှုတွေ ဖြစ်လာတယ်..
၅) နည်းပညာကြောင့် သတင်းအမြန်နှုန်း မြင့်တက်လာတဲ့အတွက် သတင်းတစ်ခု တန်ဘိုးဟာ သက်တမ်းသိပ်တိုသွားတယ်..။
အဲဒီအချက်တွေဟာ ဂျာနယ်လစ်ဇင် (Journalism) က အဖြေပေးရမယ့် သတင်းခေတ်ရဲ့ စိန်ခေါ်ချက်တွေ ဖြစ်တယ်..။
ရသထုတ်ပိုးခြင်း
အဲဒီမှာ အဖြေတွေ ထွက်လာတယ်..။ စိတ်ဝင်စားဖို့ ရလဒ်တွေလို့ပဲ ပြောရမလား မသိဘူး..။
၁) သတင်းနယ်ပယ်ကို အစွမ်းကုန် ချဲ့ယူမယ်.. တစ်ခုခြင်း community ကနေ တစ်စုံလုံး (society) ဒါမှမဟုတ် နိုင်ငံ (nation) ကနေ ကမ္ဘာ (globe) ကို အထိလို့ ဆိုလိုတယ်..။
၂) သတင်း (information) သက်သက်ဟာ တန်ဖိုးအပြည့်မရှိဘူး..၊ ပညာ (knowledge) အနေနဲ့ အသွင်ပြောင်းမယ်..။
၃) အဲဒီအတွက် အစဉ်အလာ ကျင့်ဝတ်တချို့ကို အလျှော့အတင်း လုပ်ရမယ်..။ ခွဲခြမ်းစိတ်ဖြာမှု (analysis) နဲ့ ဝေဖန်ဆန်းစစ်မှု (comment) တွေနဲ့ သတင်းကို တွဲစပ်ပေးဖို့ လိုမယ်..။
၎) အဲဒီမှာ အမှားအမှန်ကို နိစ္စသဘော ပြောခြင်းကနေ အချက်အလက် စုပေးခြင်းကို အဓိက ထားသင့်တယ်..။ လွန်ရော ကျွံရော လမ်းကြောင်းတစ်ခုကို တည်ပေးခြင်း ဖြစ်သင့်တယ်..။
၅) အရေးအကြီးဆုံးအချက်က သတင်းကို ရသနဲ့ ထုပ်ပိုးခြင်းဟု ဆိုပါကြောင်း..။
Labels: Journalism, Notes
Sunday, July 15, 2007
Alienation
နံပါတ်တစ် အချက်...။ အလုပ်သမား အလုပ်လုပ်ကိုင်မှုပုံစံ ခြားနားသွားတယ်..။ ပုံမှန်အနေနဲ့ လူက ကိုယ့်သဘောနဲ့ကိုယ် ဖန်တီးလိုစိတ်ရှိတယ်..။ တီထွင်လိုစိတ်ရှိတယ်..။ အရင်းရှင်စနစ်မှာ အလုပ်သမားတွေကို အဲလို ထိန်းချုပ်လိုက်သလို ဖြစ်သွားတယ်..။ စီးပွားရေး ပညာရှင် တစ်ယောက်ဖြစ်တဲ့ အဒမ်စမစ် ချမှတ်ခဲ့တဲ့ division of labour ဆိုတဲ့ စနစ်ပါ..။ ပစ္စည်းတစ်ခု ထုတ်လုပ်ဖို့ အဆင့်ခွဲပေါင်းများစွာ ခွဲလိုက်တယ်..။ အဲဒီခွဲလိုက်တဲ့ အဆင့်ငယ်ကလေးတွေကို ၀န်ထမ်းတွေ အားလုံး စုပြုံပြီး လုပ်ရတယ်..။ အဲဒီဝန်ထမ်းတွေဟာ လွယ်ကူတဲ့ အဆင့်ကလေးကိုပဲ ထပ်တလဲလဲ လုပ်နေရတဲ့အတွက် သူတို့ရဲ့ ဖန်တီးနိုင်စွမ်းတွေ ပိတ်ပင်လိုက်သလို ဖြစ်သွားပါတယ်..။ အဲဒီမှာ လူ့ရဲ့ဖန်တီးနိုင်စွမ်းတွေလည်း ပျောက်သွားတယ်..။ အလုပ်လုပ်တဲ့ အချိန်မှာ ဘ၀နဲ့ ကင်းပြတ်သွားပြီးတော့ အလုပ်ပြီးတော့မှ ကိုယ့်ဘ၀ကို စ ရရသလို ဖြစ်နေပါတယ်..။
နံပါတ်၂ အချက်က အလုပ်သမားက ကိုယ်ထုတ်လုပ်လိုက်တဲ့ ပစ္စည်းနဲ့ပတ်သတ်ပြီး ဂုဏ်ယူနေရတာမျိုး မရှိရှာဘူး..။ လက်မှုပညာရှင်တစ်ယောက်က ကိုယ်ဖန်တီးထားတဲ့ လက်မှုပစ္စည်းကလေးကိုကြည့်ပြီး ပီတိဖြစ်နိုင်သေးတယ်..။ အရင်းရှင်စနစ်အောက်က စက်ရုံအလုပ်သမားတွေအတွက် ကိုယ်တစ်စိတ်တစ်ပိုင်း (အပိုင်းငယ်ကလေးဖြစ်တဲ့ နပ်ကြပ်တာပဲဖြစ်ဖြစ်) ပါဝင်ဖန်တီးလိုက်ရတဲ့ အလုပ်တစ်ခုအပေါ်မှာ ဂုဏ်ယူရတာမျိုး ရှိမှာမဟုတ်ဘူး..။ နောက်တစ်ချက်က အရင်းရှင်စနစ်က ပစ္စည်းတစ်ခုကို ကုန်ကျစရိတ်အနည်းဆုံးဖြစ်အောင် ထုတ်ရတယ်..။ အနည်းဆုံးဖြစ်အောင်လည်း အမြဲအားထုတ်နေရတယ်..။ သက်သာအောင် လုပ်မှာက နည်းလမ်းတစ်ခုပဲ ရှိတယ်..။ ပြီးစလွယ်လုပ်.. ဒါမှမဟုတ် ခို ကပ်တဲ့နည်းပဲ..။ အဲဒီမှာ အရည်အသွေးကျလာမယ်..။ ကိုယ်ပူးပေါင်း ပါဝင်လိုက်ရတဲ့ ပစ္စည်းတစ်ခုက အရည်အသွေးညံ့တယ်ဆိုရင်.. အဲဒီသူတစ်ယောက်ဟာ အဲဒီပစ္စည်းအပေါ်မှာ ဂုဏ်ယူနိုင်မှာ မဟုတ်ဘူး..။ အဲဒီမှာ အလုပ်သမားဟာ သူထုတ်လုပ်တဲ့ ပစ္စည်းအပေါ် သံယောဇဉ်ကင်းပြတ်လာမယ်..။
နံပါတ်သုံးအချက်..။ အလုပ်သမားဟာ အလုပ်ပေါ်မှာ ဘယ်လောက်ပဲကြိုးစား ကြိုးစား သူလုပ်တဲ့အလုပ်ဟာ အလုပ်ရှင်အတွက်.. သူထုတ်လိုက်တဲ့ပစ္စည်းဟာ အလုပ်ရှင်အတွက်.. အဲဒီပစ္စည်းကိုရောင်းချခြင်းရဲ့ အမြတ်ဟာ အလုပ်ရှင်အတွက်ပဲ..။ သူဘယ်လောက် ပင်ပင်ပန်းပန်း ကြိုးကြိုးစားစားလုပ်လုပ် အလုပ်လုပ်ခ ဒီလောက်ပဲ..။ သူ့ဘ၀ ဘယ်လောက်မှ တိုးမလာဘူး..။ သူဘယ်လောက်ပဲလုပ်လုပ် ဘယ်လောက်ပဲကြိုးစားကြိုးစား အလုပ်သမားနဲ့ အလုပ်ရှင်နဲ့ကြား ဘ၀ဟာ ကွာခြားသည်ထက် ကွာခြားလာတာပဲ..။ အဲဒီလိုဖြစ်ရတာဟာ ကုန်ထုတ်လုပ်မှု (means of production) ကို အရင်ရှင်က ချုပ်ကိုင်ထားတဲ့အတွက်ကြောင့်လို့ မာ့က်စ်က ရှုမြင်ပါတယ်..။ အလုပ်သမားဟာ ငွေရဖို့ အသက်ရှင်ဖို့အတွက် အလုပ်လုပ်ရတယ်..။ အရင်းရှင်ကတော့ ငွေပိုင်ရှင်ဖြစ်တယ်..။ ကုန်ထုတ်လုပ်ငန်း မလုပ်ဘဲနဲ့လည်း နေထိုင်စားသောက်နိုင်တယ်..။ ဒီတော့ အလုပ်သမားဟာ အလုပ်ရှင်ကို တပန်းရှုံးတဲ့ အနေအထားကနေ ဆက်ဆံရတယ်..။
နံပါတ်လေး အချက်..။ အလုပ်သမားရဲ့ ကိုယ်စွမ်းဥာဏ်စွမ်းဟာ အလုပ်ရှင်ပဲ ပိုင်တဲ့ဘ၀ကို ရောက်နေတယ်..။ ကိုယ့်စွမ်းအားကို ကိုယ်မပိုင်ဘူးဆိုတဲ့အခြေအနေမှာ အလုပ်သမားက ကိုယ့်ဘ၀ကနေ ကင်းကွာလာတယ်..။ လွပ်လပ်တယ်ဆိုတာလည်း မရှိတော့ဘူး..။ တစ်ဆက်တည်း ကိုယ့်ကိုယ်ကိုကိုယ်လေးစားတန်ဘိုးထားမှုလည်း ပျောက်ကွယ်သွားတယ်..။ တစ်နည်းပြောရရင် အလုပ်အကိုင်ဆိုတာ အလုပ်သမားအတွက် ကျွန်ခံရခြင်းတစ်မျိုး ဖြစ်နေတယ်လို့ သူက ရှု့မြင်တယ်..။
Friday, July 13, 2007
ရှာဖွေဖတ်ရှုမိသော အကြောင်းအရာများ (၉)

နောက်တစ်ချက်က အဲဒီဖြစ်လာတဲ့ ပြဿနာရပ်တွေကို စီးပွားရေး ပေါ်လစီတွေ ချမှတ်ဖြေရှင်းလို့ လုံးဝမရဘူး၊ တခြား နည်းလမ်းတွေနဲ့လည်း ဖြေရှင်းလို့ လုံးဝမဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ အဲဒီပြဿနာ ဆိုတဲ့ဟာတွေက အရင်းရှင်စနစ်ရဲ့ မရှိမဖြစ် လက္ခဏာတွေ ဖြစ်နေတယ်..။ အဲဒီပြဿနာတွေကပဲ အရင်းရှင်စနစ်ဆိုတဲံ အဆောက်အဦးကို ဖြိုဖျက်ပစ်နိုင်မယ့် အရာတွေဖြစ်လာလိမ့်မယ်လို့ မာ့က်စ်က ဟောပါတယ်။
မာ့က်စ်ရဲ့ဘဝ
၁၈၁၈ မှာ ဂျာမဏီ ထရီယာမြို့က ဂျူးလူလတ်တန်းစား မိသားစုကနေ မွေးဖွားခဲ့သူ မာ့က်စ်ကို သူ့ဖခင်ရဲ့ သူငယ်ချင်းဖြစ်တဲ့ ဘေရွန်ဘက်ဖာလင်းက စာသင်ပေးခဲ့တယ်..။ နောက်တော့ အဲဒီမြို့မှာပဲ အထက်တန်းကျောင်းပြီး သွားတယ်။ အဲဒီကနေ ဘွန်းတက္ကသိုလ်သွားပြီး ဥပဒေ ပညာသွားပြီးသင်တယ်။ အမှုအခင်းကိစ္စတွေကို ငြီးငွေ့လာတဲ့ မာ့က်စ်ဟာ အတွေးအခေါ်တွေ စိတ်ဝင်စားပျော်မွေ့လာတယ်..။ ဒီလိုကနေ ဘာလင်တက္ကသိုလ်ကို ပြောင်းပြီး ကျောင်းတက်တယ်။ အဲဒီအချိန်တုန်းက Hegelian philosophy (ဟေဂဲလ် ဒဿန) ခေတ်စားပြီး သင်ကြားပို့ချနေချိန် ဖြစ်တယ်။
စကားမစပ် ဟေဂဲလ်ရဲ့ ဒဿနတချို့ ထည့်ပြောချင်ပါတယ်။ လူမှုဘ၀ဟာ မပြတ်လှုပ်ရှား ပြောင်းလဲနေတယ်။ အယူအစတိုင်း အင်အားတိုင်မှာ သူနဲ့ဆန့်ကျင်ဘက် အင်အားတစ်ခု ဖြစ်လာတယ်..။ နောက်တော့ အဲဒီအင်အားနှစ်ခု တိုက်မိပြီး ပြောင်းလဲမှု ဖြစ်တယ်..။ မာ့က်စ်တင်ပြခဲ့တဲ့ စီးပွားရေးစနစ်တိုင်းဟာ သူနဲ့ဆန့်ကျင်မယ့် အင်အားစုတစ်ခုဖြစ်လာပြီးတော့ အဲဒါကြောင့်ပဲ အရင်းအမြစ်ပြောင်းလဲမှု ဖြစ်ရတယ်ဆိုတဲ့ အချက်ဟာ ဟေဂဲလ်ရဲ့ ဒဿနကို အခြေခံထားတာ ဖြစ်ပါတယ်။
၁၈၄၁မှာ ဒဿနိက ဗေဒဆိုင်ရာ ပါရဂူဘွဲ့ရပြီး Jenny ဆိုတဲ့ အမျိုးသမီးနဲ့ လက်ထပ်ပြီး ဒဿနိကဆရာအနေနဲ့ အလုပ်မရတော့ ကလုံးမြို့မှာ Rheinische Zeitung သတင်းစာမှာ အယ်ဒီတာဝင်လုပ်ပါတယ်။ လစ်ဘရယ်လ် အယူအစတွေ ဇောင်ပေးဖော်ပြခဲ့တဲ့ မာ့ခ်စ်ရဲ့ သတင်းစာကို တစ်နှစ်လောက်အကြာမှာ အာဏာပိုင်တို့က ထုတ်ဝေခွင့် ရပ်လိုက်ပါတယ်။ အဲဒီကနေ ပြင်သစ်နိုင်ငံ ပါရီကို ပြောင်းလာရတယ်။ ဆိုရှယ်လစ် ကွန်မြူနစ်တွေနဲ့ တော်တော်များများနဲ့ တွေ့တယ်.။ ဖရက်ဒရစ် အိန်းဂဲလ်စ် (Frederick Engels) နဲ့ စတွေ့တယ်။
(Frederick Engels)
အဲဒီအချိန်မှာ Frederick Engels က စာအုပ်တစ်အုပ်ထုတ်တယ်..။ The Condition of the Working Class in England ဆိုတဲ့စာအုပ်။ မာ့ခ်စ်နဲ့ အိန်းဂဲလ်စ်တို့ဟာ စိတ်ဓါတ်ချင်းတူ အမြင်ချင်းတိုက်ဆိုင်ပြီး ရဲဘော်ရဲဘက် ဖြစ်သွားတယ်..။ မှတ်မှတ်သားသား ဖြစ်ရတာက မာ့ခ်စ်ရဲ့ ဘ၀နောက်ပိုင်း ကာလတစ်လျှောက်လုံးမှာ အိန်းဂဲလ်စ်က ငွေကြေးထောက်ပံ့ကူညီပေးခဲ့တာ ဆိုတာပဲ။
မာ့ခ်စ်ရဲ့ ပြုပြင်ပြောင်းလဲရေး အတွေးအမြင်တွေဟာ သူ့ကို ပါရီမှာ ဆက်နေခွင့်မရပါဘူး..။ နောက်တော့ လန်ဒန်ကို သွားနေရတဲ့အခြေအနေရောက်သွားပါတယ်..။ မာ့ခ်စ်ဟာ သူ့ရဲ့ဘ၀နောက်ပိုင်း ၃၃နှစ်လုံးလုံး လန်ဒန်မှာ နေထိုင်ခဲ့ရပါတယ်။
မာ့က်စ်ရေးခဲ့ တွေးခဲ့တာတွေမာ့က်စ်က အရင်းရှင်စနစ် စီးပွားရေးလည်ပတ်ပုံတွေ ပြောတယ်..။ စီးပွားရေးရာ သမိုင်းစဉ်အတွင်းမှာ အရင်းရှင်စနစ်ရဲ့ နေရာကဏ္ဍကို ဖော်ထုတ်ဖို့ ကြိုးစားခဲ့တယ်..။ အရင်းရှင်စနစ်ဟာ တိုင်ပြည်တစ်ခုမှာရှိတဲ့ စီးပွားရေးသမိုင်းတစ်ခုရဲ့ ဖြစ်စဉ်ဖြစ်ရပ်တစ်ခုလို့ သုံးသပ်တယ်။
လူရဲ့အစမှာ စီးပွားရေးဆိုတာ ဟင်းစားရှာ၊ သစ်ဥတူး၊ သစ်ရွက်ခြွေကနေ စတယ်။ အဲဒီကနေ နေရာတစ်နေရာ သတ်မှတ်ပြီး ထွန်ယက်စိုက်ပျိုးတာ..။ အဲဒီကနေ မြေရှင်ပဒေသရာဇ်စီးပွားရေးကို ပြောင်းတယ်..။ အဲဒီမှာ တောင်သူလယ်သမားတွေဟာ မြေရှင်တွေကို သူတို့ထွန်ယက်ထားရတဲ့ သူတို့ တပင်တပန်း ထုတ်လုပ်ထားရတဲ့ ထွက်ကုန်တွေကို တစိတ်တပိုင်း ဆက်သရတာ..။ အဲဒီမှာ မြေရှင်တွေက သူ့ကုန် ကိုယ့်ကုန်ကို ပြည်တွင်း/ပြည်ပ ဖလှုယ်တာတွေ လုပ်တယ်..။ ဒီကနေ အရင်းရှင်စနစ် ဖြစ်လာတယ်..။
နောက်တစ်ဆင့်ရောက်တော့ နည်းပညာသစ်.. စက်ယန္တယား အသစ်တွေ ပေါ်လာတယ်..။ အဲဒါ ပျှမ်းမျှအနေနဲ့ လူနေမှုအဆင့်အတန်းကို မြှင့်လိုက်တာ..။ ကောင်းတဲ့အချက်လို့ ပြောလို့ရတယ်..။ လယ်ယာကျေးလက်မှာ အချည်းအနှီး အကျိုးမဲ့ဖြစ်နေတဲ့ အလုပ်သမားတွေ ခေါ်ပြီး အလုပ်လုပ်ခိုင်းလို့ရသွားတဲ့အတွက်လည်း ကောင်းတဲ့ အချက်ဖြစ်တယ်လို့ သူသုံးသပ်တယ်..။
အရင်းရှင်စနစ်ဟာ ကောင်းတဲ့အချက်တွေထက်က စာရင် မကောင်းတဲ့အချက်တွေ ပိုများနေတယ်..။ အဲဒါတွေက အရင်းရှင်စနစ်ရဲ့ သရုပ်သကန်ဖြစ်နေတော့ အပြောင်းအလွဲလုပ်လို့ လုံးဝမဖြစ်နိုင်ဘူး..။ မာ့က်စ်ရဲ့ ကွန်မြူနစ် ကြေငြာစာတမ်းမှာ ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေ ရေးသားထားတာ တွေ့ရတယ်..။ အခမဲ့ ပညာရေး၊ အခမဲ့ ပြည်သူ့စာကြည့်တိုက်၊ ကလေးအလုပ်သမား ခိုင်စေမှု ရပ်နားရေး၊ ၀င်ငွေအနည်းအများအလိုက် အမြတ်ခွန် အဆင့်ဆင့် တိုးမြင့်ကောက်ခံရေး၊ အမွေဆက်ခံမှုအားလုံး ရပ်စဲရေး၊ ဆက်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကို အစိုးရ ထိန်းချုပ်ရေး၊ နိုင်ငံတော် ဘဏ်တစ်ခု ထူထောင်ရေး.. စတာတွေ ပါဝင်ပါတယ်..။ ဒါ.. သူတတ်နိုင်သလောက် ကုစားလို့ရတဲ့ နည်းလမ်းတွေ ရှာထုတ်ပြထားတာပါ..။
ဒါပေမယ့် သူက အဲဒီနည်းလမ်းတွေဟာ ဆေးမြီးတိုတွေပဲ..။ ဘယ်လိုကုကု သေကို သေမယ့်မသာတစ်ကောင်လို အရင်းရှင်စနစ် ကျဆုံးမယ်ဆိုတာ သူယုံကြည်တယ်..။
အရင်းရှင်တို့ ခေါင်းပုံဖြတ်နည်း
အလုပ်သမားတွေဆီကနေ ခေါင်းပုံဖြတ်တဲ့နည်းလမ်း သုံးခုရှိတယ် ပြောပါတယ်..။ ပထမတစ်နည်းက တစ်နေ့တာ အလုပ်ချိန်ကို တိုးလိုက်တာ…။ လုပ်ခ အပြောင်းအလဲကလည်း မရှိ၊ အလုပ်ချိန်ပဲ တိုးလိုက်တဲ့အတွက် အလုပ်သမားတွေဆီကနေ တစ်နေ့တာအတွက် အပိုထုတ်လုပ်မှု ပိုရလာနိုင်တယ်..။
ဒုတိယနည်းက အလုပ်လုပ်နှုန်း တိုးမြှင့်လိုက်တာ..။ အလုပ်သမားတွေ ဝေ့မနေအောင် လုပ်ထားတာ..။ အချိန်ကို အတိအကျ ချပြီး လုပ်ခိုင်းတာမျိုး..။ တစ်ယောက်က လိုက်ပြီးကြပ်မတ်ပေးတယ်.။ အလုပ်သမားတွေ မခိုမကပ်နိုင်အောင် လိုက်လုပ်တယ်..။ နေ့လည်နေ့ခင်း နားချိန်လျှော့ချတယ်..။ ပုံမှန် ၁၀၀ ထုတ်နိုင်ရင် တစ်နေ့ကို ၁၁၀ ထုတ်နိုင်အောင် မြန်မြန်သွက်သွက် လုပ်ခိုင်းတာမျိုး..။ နောက်တစ်နည်းက တော်တော်ဆိုးတယ်..။ ပစ္စည်းကို ပေါချောင်ကောင်းသုံးပစ်တာ..။ အဲဒီအချက် လုပ်နိုင်သလို အလုပ်သမားကို လခလျှော့ပစ်တာ..။ ဥပမာ ယောက်ျားအလုပ်သမားဆိုရင် ပိုပေးရတယ်..။ ဈေးပေါအောင် အမျိုးသမီး အလုပ်သမားနဲ့ ကလေးအလုပ်သမားတွေ ထည့်ပြီးခိုင်းပစ်တယ်..။ ဒါမျိုးကို ခေါ်တာ..။ အဲဒီအတွက် လုပ်ခစရိတ် သက်သာတယ်..။ ပစ္စည်းစရိတ်သက်သာတယ်..။
အပြိုင်အဆိုင်
အဲဒီလို ခေါင်းပုံဖြတ်မှုတွေ ဘာကြောင့်ဖြစ်သလဲဆိုတဲ့ တွန်းအားကို လိုက်ရှာတော့ ပြိုင်ဆိုင်မှုဆိုတာ သွားတွေ့တယ်..။ ပြိုင်ဆိုင် လုပ်ကိုင်နေရတဲ့အတွက် လုပ်ငန်းတွေဟာ အမြတ်အစွန်းရဖို့ဆိုတာ သိပ်မဖြစ်နိုင်ဘူး..။ ပြိုင်ဘက်ထက် မသာရင်တောင် တန်းတူမလုပ်နိုင်ရင် အဲဒီလုပ်ငန်း ဂန့်သွားမှာပဲ..။ ဒီတော့ အလွယ်ဆုံးနည်းက အလုပ်သမားတွေရဲ့ ကုန်ကျစရိတ် အသက်သာဆုံးဖြစ်ဖို့ လုပ်.. အမြတ်အစွန်း များများကျန်ဖို့လုပ်.. လုပ်ငန်းရှင်သန် တည်တန့်နေဖို့လုပ်.. အဲဒါတွေကနေ ပိုပြီး ခေါင်းပုံဖြတ်မှုတွေ ဖြစ်လာရတယ်..။
(အချိန်ရရင် ဆက်ရေးပါမည်)
Speedup your Firefox Browser
ပထမအဆင့် ပုံမှာပြထားတဲ့အတိုင်း Address Bar မှာ about:config လို့ရိုက်ပါ..။
နံပါတ်နှစ်အချက်က အဆင့်သုံးဆင့်လုပ်ရပါမယ်..။
- ပထမအဆင့်က network.http.pipelining ကို True ပေးပါ။ Double Click လုပ်ရင် ရပါတယ်။
- ဒုတိယအဆင့် network.http.proxy.pipelining ကို True ပေးပါ..။
- တတိယအဆင့်က Value ကို ပြင်ရမှာဖြစ်ပါတယ်..။ network.http.pipelining.maxrequests ကို ကိန်းဂဏန်းလေးပေါ်မှာ Double Click လုပ်ပါ..။ box ကလေး တစ်ခု တက်လာပါလိမ့်မယ်..။ အဲဒီမှာ 30 လို့ ရိုက်ထည့်ပြီး Enter ခေါက်ပါ။ အောက်မှာ ပုံပြထားပါတယ်..။
အဆင်ပြေပါလိမ့်မယ်..။
Labels: Technology, Tweak
Saturday, July 07, 2007
ရေးမိရေးရာ
စာအုပ်တစ်အုပ်ထဲက ဖတ်မိတာလေးပါ..။ ဘန်ကောက် မြို့လည်ခေါင်မှာ ဒီလောက်မြင့်တဲ့ တိုက်ကြီးဆောက်ထားတာ ဘာအတွက်ကြောင်တုန်းတဲ့..။ ကျွန်တော့်အထင် အားလုံးထက်သာအောင် ငါလုပ်နိုင်တယ်ဆိုတဲ့ စိတ်အတွက်ကြောင့်လားလို့ မေးတဲ့မေးခွန်းကို ဘန်ကောက်သူလေး ဖြေထားတာပါ..။
ဘန်ကောက်လို မြို့လည်ခေါင်နေရာဟာ သိပ်ကို ဈေးကြီးတယ်..။ မြေတစ်နေရာ တန်ဘိုးဟာ သိပ်မြင့်လွန်းတယ်..။ အဲဒီအတွက် ရတဲ့နေရာလေးမှာ တစ်ထပ်တင်နိုင်ရင် တစ်ဆ ပွားသလို ဖြစ်တာပေါ့..။ အခု ရှစ်ဆယ့်ရှစ်ထပ်ဆိုတော့ ရှစ်ဆယ့်ရှစ်ဆ ပွားလိုက်သလိုပေါ့တဲ့..။
မိုးမျှော်တိုက် အဆောက်အဦးတွေရှိပါတယ်..။ အဲဒီ အဆောက်အဦးတွေဟာ သူ့နေရာမှာ တန်ဘိုးရှိတဲ့ လုပ်ငန်းတွေအတွက် ထည့်သွင်းတည်ဆောက်သွားရင် လုပ်ငန်းဆိုင်ရာ လည်ပတ်မှုဗဟို ဖြစ်လာနိုင်စရာ ရှိတယ်..။ ဖြစ်အောင်လည်း လုပ်ထားတာပဲ..။ ရည်ရွယ်ချက်က ရှင်းပါတယ်..။
အာရှကျား..
ဒီဘက်ခေတ်မှာ အန္ဒိယကို ကျားတစ်ကောင်အနေနဲ့ နှိုင်းပြောတာ တွေ့လာရပါတယ်..။ များသောအားဖြင့် ဆရာကျော်ဝင်းဘာသာပြန်တဲ့ စာအုပ်တွေမှာ တွေ့တွေ့နေရတယ်..။ ကျားတစ်ကောင်နဲ့ နဂါးတစ်ကောင် ပြိုင်ပွဲ ဘာညာ ဆိုပြီး ရေးလေ့ရှိပါတယ်..။ အ၀ါရောင် ကျား ကြီးနဲ့ အနီရောင် နဂါး ကြီးကို ရည်ညွှန်းဟန် တူပါရဲ့..။
၂၁ ရာစုကိုဝင်တော့ အန္ဒိယဟာ အများသိတဲ့အတိုင်း နည်းပညာကို အုပ်စီးပါတယ်..။ သူ့နိုင်ငံမှာ ဥာဏ်အလုပ်သမားတွေ ရှိပါတယ်..။ ကာယအလုပ်သမားတွေ ရှိပါတယ်..။ ဒါပေမယ့် ဘ၀နှစ်ခုက သိပ်ကို သိသိသာသာ ကွာဟလွန်းပါတယ်..။ ရောဂါဘယ ထူပြောလွန်း.. လူနေထူထပ်လွန်း.. တဲ့ ဒီနေရာဟာ အိုင်တီရဲ့ အဓိကထိပ်တန်းနေရာကို ရောက်လာတာ တစ်ကမ္ဘာလုံး မျက်ခုံးပင့်ကြည့်ရတဲ့ အနေအထားမှာ ရောက်နေပါတယ်..။
နောက်တစ်ဆင့်က ကျောင်းသားတွေအားလုံးကို အိုင်တီပညာ မသင်မနေရ သင်ယူစေတာပါ..။ ကျွန်တော်တို့ဆီမှာ သင်ကြားမှုတွေ ရှိပေမယ့် ထိရောက်ခြင်း မရှိပါဘူး..။ ဘာကြောင့် မရှိတာလဲ ဆိုတာ ဆက်ပြောရင် ဒီတိုင်ဆီကိုပဲ ပြန်ပတ်နေမှာ ဖြစ်တော့ မပြောတော့ပါဘူး..။ နောက်တစ်ချက်က အလုပ်လုပ်လိုစိတ် ပြင်းထန်ပါတယ်..။ ကုလားအများစု အစုအဆောင်းကောင်းတယ် ဆိုကြပါတယ်..။ ဟုတ်သင့်သလောက် ဟုတ်ပါတယ်..။ မူးစု ပဲစု စုရတဲ့ဘ၀တွေ အများကြီးရှိပါတယ်.။ ကျောင်းဆက်တက်ဖို့ ပညာဆက်သင်ဖို့အတွက် အလုပ်လုပ် ပိုက်ဆံစုပြီး ဘဏ်မှာအပ်ထားကြပါတယ်..။
များသောအားဖြင့် ကျောင်းသားငယ်လေးတွေဟာ စာအုပ်ကလေးတွေ ၀ယ်ဖတ်တာများတယ် ဆိုပါတယ်..။
ကျွန်တော် မြန်မာနိုင်ငံမှာ သိပ်ကို နာမည်ကြီးတဲ့ ကွန်ပျူတာသင်တန်းကျောင်းကြီးမှာ တာဝန်တစ်ခု ထမ်းဆောင်ရပါတယ်..။ ကွန်ပျူတာ သင်တန်းက ဒီပလိုမာတန်းပါ..။ အဲဒီအချိန်တုန်းက သင်တန်းကြေး သိပ်များတဲ့ အနေအထားမှာ ရှိပါတယ်..။ တော်ရုံ မတက်နိုင်ပါဘူး..။ ကျွန်တော်တို့ကို အုပ်ချုပ်တဲ့ တည်ထောင်အုပ်ချုပ်သူက ကျွန်တော်တို့လေ့လာမှုအတွက် စွမ်းအားထည့်ဖို့ ပြောပါတယ်..။ ဒီမှာ မီးလာနေသေးတယ်..။ အိန္ဒိယမှာ မီးမလာဘဲ ပညာရှင်တွေ ထွက်နေတာ..။ တစ်ယောက် ကွန်ပျူတာ သုံးဖို့အတွက် တစ်ယောက်က ဒိုင်နမိုလှည့်ပြီး အားဖြည့်ပေးနေရတယ်တဲ့..။
ဟုတ်ချင်လည်း ဟုတ်မယ်.. မဟုတ်ချင်လည်း မဟုတ်ပါဘူး..။ ကျွန်တော်မှတ်မိနေတာလေးပါ..။ ကျွန်တော်တို့ မလုပ်လို့ လုပ်အောင်ပြောတာ ဖြစ်ချင်လည်း ဖြစ်မှာပေါ့လေ..။ ကျွန်တော် အဲဒီနောက်ပိုင်းက စ လို့ ပညာရပ်ပိုင်းကို အသေအကျေလုပ်ဖြစ်တာတော့ သေချာပါတယ်..။
ရှမ်းစာသင်သူ..
ရုံးမှာ နိုင်ငံခြားကနေ အလုပ်လာလုပ်နေတဲ့သူတွေ ရှိပါတယ်..။ မြန်မာစကားကို မွှတ်နေအောင် ပြောတတ်ပါတယ်..။ အခု သူတို့ထဲက တစ်ယောက်က ရှမ်းစာသင်နေပါတယ်..။ ရှမ်းတိုင်းရင်းသားစကား ကျွန်တော် သင်ဖို့ အိပ်မက်မမက်ခဲ့ဖူးပါဘူး..။ ဒါပေမယ့် သူသင်ပါတယ်..။ ယို့ယို့ကျိုးကျိုး သင်ပါတယ်..။ ကျွန်တော့်ထက် သူ ပိုသာသွားပါတယ်..။
ကျွန်တော် မြန်မာနိုင်ငံမှာ မွေးတဲ့ ဘိုးဘေးဘီဘင် ကတည်းက မြန်မာပြည်မှာ နေခဲ့တာ ဖြစ်ပေမယ့် မြန်မာစကားတစ်ခုကိုပဲ ရေလည်အောင် ပြောတတ်ပါတယ်..။ တိုင်းရင်းသားဘာသာစကားကို တစ်လုံးတစ်လေလောက် သိပါတယ်..။ နေခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော် သက်တမ်းမှာ ဘာသာဗေဒနဲ့ ပတ်သတ်လို့ တစ်ခုမှ ဖြစ်ဖြစ်မြောက်မြောက်မရှိလှပါဘူး..။ ကျွန်တော့်ရဲ့ လိုအပ်ချက် ဖြစ်ပါတယ်..။
ဘာပဲဖြစ်ဖြစ် ကျွန်တော့်အနေနဲ့ ဂုဏ်ယူသလိုလို ရှက်သလိုလိုတော့ ခံစားမိတာ သေချာပါတယ်..။
Labels: essay