Saturday, July 07, 2007

ရေးမိရေးရာ

မိုးမျှော်တိုက်တွေ..

စာအုပ်တစ်အုပ်ထဲက ဖတ်မိတာလေးပါ..။ ဘန်ကောက် မြို့လည်ခေါင်မှာ ဒီလောက်မြင့်တဲ့ တိုက်ကြီးဆောက်ထားတာ ဘာအတွက်ကြောင်တုန်းတဲ့..။ ကျွန်တော့်အထင် အားလုံးထက်သာအောင် ငါလုပ်နိုင်တယ်ဆိုတဲ့ စိတ်အတွက်ကြောင့်လားလို့ မေးတဲ့မေးခွန်းကို ဘန်ကောက်သူလေး ဖြေထားတာပါ..။

ဘန်ကောက်လို မြို့လည်ခေါင်နေရာဟာ သိပ်ကို ဈေးကြီးတယ်..။ မြေတစ်နေရာ တန်ဘိုးဟာ သိပ်မြင့်လွန်းတယ်..။ အဲဒီအတွက် ရတဲ့နေရာလေးမှာ တစ်ထပ်တင်နိုင်ရင် တစ်ဆ ပွားသလို ဖြစ်တာပေါ့..။ အခု ရှစ်ဆယ့်ရှစ်ထပ်ဆိုတော့ ရှစ်ဆယ့်ရှစ်ဆ ပွားလိုက်သလိုပေါ့တဲ့..။

မိုးမျှော်တိုက် အဆောက်အဦးတွေရှိပါတယ်..။ အဲဒီ အဆောက်အဦးတွေဟာ သူ့နေရာမှာ တန်ဘိုးရှိတဲ့ လုပ်ငန်းတွေအတွက် ထည့်သွင်းတည်ဆောက်သွားရင် လုပ်ငန်းဆိုင်ရာ လည်ပတ်မှုဗဟို ဖြစ်လာနိုင်စရာ ရှိတယ်..။ ဖြစ်အောင်လည်း လုပ်ထားတာပဲ..။ ရည်ရွယ်ချက်က ရှင်းပါတယ်..။

အာရှကျား..

ဒီဘက်ခေတ်မှာ အန္ဒိယကို ကျားတစ်ကောင်အနေနဲ့ နှိုင်းပြောတာ တွေ့လာရပါတယ်..။ များသောအားဖြင့် ဆရာကျော်ဝင်းဘာသာပြန်တဲ့ စာအုပ်တွေမှာ တွေ့တွေ့နေရတယ်..။ ကျားတစ်ကောင်နဲ့ နဂါးတစ်ကောင် ပြိုင်ပွဲ ဘာညာ ဆိုပြီး ရေးလေ့ရှိပါတယ်..။ အ၀ါရောင် ကျား ကြီးနဲ့ အနီရောင် နဂါး ကြီးကို ရည်ညွှန်းဟန် တူပါရဲ့..။

၂၁ ရာစုကိုဝင်တော့ အန္ဒိယဟာ အများသိတဲ့အတိုင်း နည်းပညာကို အုပ်စီးပါတယ်..။ သူ့နိုင်ငံမှာ ဥာဏ်အလုပ်သမားတွေ ရှိပါတယ်..။ ကာယအလုပ်သမားတွေ ရှိပါတယ်..။ ဒါပေမယ့် ဘ၀နှစ်ခုက သိပ်ကို သိသိသာသာ ကွာဟလွန်းပါတယ်..။ ရောဂါဘယ ထူပြောလွန်း.. လူနေထူထပ်လွန်း.. တဲ့ ဒီနေရာဟာ အိုင်တီရဲ့ အဓိကထိပ်တန်းနေရာကို ရောက်လာတာ တစ်ကမ္ဘာလုံး မျက်ခုံးပင့်ကြည့်ရတဲ့ အနေအထားမှာ ရောက်နေပါတယ်..။

နောက်တစ်ဆင့်က ကျောင်းသားတွေအားလုံးကို အိုင်တီပညာ မသင်မနေရ သင်ယူစေတာပါ..။ ကျွန်တော်တို့ဆီမှာ သင်ကြားမှုတွေ ရှိပေမယ့် ထိရောက်ခြင်း မရှိပါဘူး..။ ဘာကြောင့် မရှိတာလဲ ဆိုတာ ဆက်ပြောရင် ဒီတိုင်ဆီကိုပဲ ပြန်ပတ်နေမှာ ဖြစ်တော့ မပြောတော့ပါဘူး..။ နောက်တစ်ချက်က အလုပ်လုပ်လိုစိတ် ပြင်းထန်ပါတယ်..။ ကုလားအများစု အစုအဆောင်းကောင်းတယ် ဆိုကြပါတယ်..။ ဟုတ်သင့်သလောက် ဟုတ်ပါတယ်..။ မူးစု ပဲစု စုရတဲ့ဘ၀တွေ အများကြီးရှိပါတယ်.။ ကျောင်းဆက်တက်ဖို့ ပညာဆက်သင်ဖို့အတွက် အလုပ်လုပ် ပိုက်ဆံစုပြီး ဘဏ်မှာအပ်ထားကြပါတယ်..။

များသောအားဖြင့် ကျောင်းသားငယ်လေးတွေဟာ စာအုပ်ကလေးတွေ ၀ယ်ဖတ်တာများတယ် ဆိုပါတယ်..။

ကျွန်တော် မြန်မာနိုင်ငံမှာ သိပ်ကို နာမည်ကြီးတဲ့ ကွန်ပျူတာသင်တန်းကျောင်းကြီးမှာ တာဝန်တစ်ခု ထမ်းဆောင်ရပါတယ်..။ ကွန်ပျူတာ သင်တန်းက ဒီပလိုမာတန်းပါ..။ အဲဒီအချိန်တုန်းက သင်တန်းကြေး သိပ်များတဲ့ အနေအထားမှာ ရှိပါတယ်..။ တော်ရုံ မတက်နိုင်ပါဘူး..။ ကျွန်တော်တို့ကို အုပ်ချုပ်တဲ့ တည်ထောင်အုပ်ချုပ်သူက ကျွန်တော်တို့လေ့လာမှုအတွက် စွမ်းအားထည့်ဖို့ ပြောပါတယ်..။ ဒီမှာ မီးလာနေသေးတယ်..။ အိန္ဒိယမှာ မီးမလာဘဲ ပညာရှင်တွေ ထွက်နေတာ..။ တစ်ယောက် ကွန်ပျူတာ သုံးဖို့အတွက် တစ်ယောက်က ဒိုင်နမိုလှည့်ပြီး အားဖြည့်ပေးနေရတယ်တဲ့..။

ဟုတ်ချင်လည်း ဟုတ်မယ်.. မဟုတ်ချင်လည်း မဟုတ်ပါဘူး..။ ကျွန်တော်မှတ်မိနေတာလေးပါ..။ ကျွန်တော်တို့ မလုပ်လို့ လုပ်အောင်ပြောတာ ဖြစ်ချင်လည်း ဖြစ်မှာပေါ့လေ..။ ကျွန်တော် အဲဒီနောက်ပိုင်းက စ လို့ ပညာရပ်ပိုင်းကို အသေအကျေလုပ်ဖြစ်တာတော့ သေချာပါတယ်..။

ရှမ်းစာသင်သူ..

ရုံးမှာ နိုင်ငံခြားကနေ အလုပ်လာလုပ်နေတဲ့သူတွေ ရှိပါတယ်..။ မြန်မာစကားကို မွှတ်နေအောင် ပြောတတ်ပါတယ်..။ အခု သူတို့ထဲက တစ်ယောက်က ရှမ်းစာသင်နေပါတယ်..။ ရှမ်းတိုင်းရင်းသားစကား ကျွန်တော် သင်ဖို့ အိပ်မက်မမက်ခဲ့ဖူးပါဘူး..။ ဒါပေမယ့် သူသင်ပါတယ်..။ ယို့ယို့ကျိုးကျိုး သင်ပါတယ်..။ ကျွန်တော့်ထက် သူ ပိုသာသွားပါတယ်..။

ကျွန်တော် မြန်မာနိုင်ငံမှာ မွေးတဲ့ ဘိုးဘေးဘီဘင် ကတည်းက မြန်မာပြည်မှာ နေခဲ့တာ ဖြစ်ပေမယ့် မြန်မာစကားတစ်ခုကိုပဲ ရေလည်အောင် ပြောတတ်ပါတယ်..။ တိုင်းရင်းသားဘာသာစကားကို တစ်လုံးတစ်လေလောက် သိပါတယ်..။ နေခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော် သက်တမ်းမှာ ဘာသာဗေဒနဲ့ ပတ်သတ်လို့ တစ်ခုမှ ဖြစ်ဖြစ်မြောက်မြောက်မရှိလှပါဘူး..။ ကျွန်တော့်ရဲ့ လိုအပ်ချက် ဖြစ်ပါတယ်..။

ဘာပဲဖြစ်ဖြစ် ကျွန်တော့်အနေနဲ့ ဂုဏ်ယူသလိုလို ရှက်သလိုလိုတော့ ခံစားမိတာ သေချာပါတယ်..။

Labels:

0 Comments:

Post a Comment

<< Home