Thursday, May 15, 2008

Changing Address

ကျွန်တော့်ဘလော့ကို လိပ်စာပြောင်းလိုက်ပါပြီ..။ အခြေအနေ အမျိုးမျိုးကြောင့် blogspot ကို ၀င်ရ ရေးရတာ ခက်တဲ့အတွက်ကြောင့်ပါ..။ စိတ်အနှောက်အယှက်ဖြစ်ရရင် ခွင့်လွှတ်စေချင်ပါတယ်..။ လောလောဆယ်တော့ ဒီ bagannat.blogspot.com ကို ဒီအတိုင်း ထားထားမှာပါ..။ ဒီလကုန်လောက်မှာ ဒီဘလော့ကို စိတ်မကောင်းစွာနဲ့ ဖျက်ပစ်လိုက်ပါတော့မယ်..။ ဘာပဲဖြစ်ဖြစ်ပါ..။ ကျွန်တော် ၀ါသနာပါတဲ့ အရာလေးတွေ လုပ်တိုင်းတော့ blog.freeinmind.net မှာ တင်သွားမှာပါ..။ ပြည်တွင်းရော ပြည်ပပါ အခုဆိုရင် ကောင်းကောင်းဝင်ကြည့်နိုင်မယ်လို့ မျှော်လင့်ပါတယ်..။ ဒီအတွက် ကျွန်တော့်ရဲ့ လိပ်စာအသစ်ကို လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ..။ အားလုံး ပျော်ရွှင်ပါစေ..။

Saturday, April 26, 2008

Bridge Broke (U Pain Bridge, Mandalay)

မန္တလေးမြို့ အထင်ကရလည်း ဖြစ်တဲ့ ဦးပိန်တံတား ကျိုးကျသွားတယ်ဆိုတာ သိရပါတယ်..။ သင်္ကြန်နောက်ဆုံးနေ့က ဖြစ်တယ်လို့ တဆင့်စကားကနေ သိရပေမယ့် ကျွန်တော့်စိတ်ထဲမှာ သိပ်မသေချာပါဘူး..။ ဒါနဲ့ ဒီနေ့မနက်စောစော နေမထွက်ခင်လောက်ကို ဦးပိန်တံတားဆီကို ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်း ဆိုက်ကယ်နဲ့ သွားဖြစ်ပါတယ်..။ တံတားကိုကြည့်ပြီး အတော်လေး နှမြောတသ မိသလို ပါးစပ်က လွှတ်ခနဲလည်း ဆဲမိပါသေးတယ်..။ မူးပြီး တံတားက လက်ရမ်းတိုင်လုံးတွေ ခါရမ်းကြပြီး ကောင်မလေးတွေကို စကြ နောက်ကြတာကနေ ဖြစ်သွားတယ်လို့ ဦးပိန်တံတားက ဈေးသည်တွေက ပြောကြပါတယ်..။ ခက်တာက ဒီဘက်ကမ်း ဟိုဘက်ကမ်းကို အရင်က စက်ဘီးကလေးတွန်းပြီး ဖြတ်သွားလို့ရပေမယ့် အခုတော့ တမျှော်တခေါ်ကြီး သွားရပြုရနဲ့ အလုပ်တွေရှုပ်ကုန်တာပေါ့လေ..။ သမိုင်းကြောင်းတစ်ခု ရှေးအမွေအနှစ်ကို ထိန်းသိမ်းဖို့ဆိုတာ လူတိုင်းမှာ တာဝန်ရှိပါတယ်..။ ဒါကို ပေါ့ပေါ့တန်တန် မထားသင့်ဘူးလို့ မြင်မိပါတယ်..။

Friday, April 25, 2008

5th day of Mandalay Thingyan

ကျွန်တော် အင်တာနက် ကွန်နရှင် မကောင်းတာရယ်.. အလုပ်တွေ မအားမလပ် ဖြစ်နေတာရယ်.. ခရီးလွန်နေတာတွေကြောင့် (ဆင်ခြေ ဆင်လက်တွေ တယ်များသကိုး..) နောက်ဆုံးနေ့ ပုံရိပ်တွေ မြည်းစမ်းပို့ တင်မပေးနိုင်တာကို ခွင့်လွှတ်စေချင်ပါတယ် ခင်ဗျာ..။ ဒီနေ့တော့ မဖြစ်ဖြစ်အောင်.. (မဖြစ်နိုင်တာ ဖြစ်အောင်ကြိုးစားကြည့်ပြီး) တင်ထားတာပါ..။ မျှဝေ ခံစား ကြည့်ရှုပြီး ပီတိဖြစ်ပါစေတော့ဆိုတဲ့ စေတနာကြီး ရှေ့ထားပြီး အားအားလျားလျား လျှောက်ရိုက်ထားတာတွေကို ဟောဒီ ဒစ်ဂျစ်တယ်စာမျက်နှာပေါ် တင်ပေးလိုက်ရပါကြောင်း။ နှစ်သစ်မှာ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ..။ (နောက်နှစ်တွေလည်း ဒီနှစ်ထက် ပိုလန်းပါစေ.. ဂွမ်းတာတွေ လျော့ပါစေလို့ပါ တစ်ခါတည်း ဆုတောင်းပေးကြဗျာ.. နော)

Tuesday, April 15, 2008

4th Day of Mandalay Thingyan Festival

လေးရက်တုန်းက ဓါတ်ပုံတွေ တင်ပေးချင်ပါတယ်..။ ဒုတိယ အကြတ်နေ့က မန္တလေး သင်္ကြန်ပုံတွေပေါ့လေ..။ ကျွန်တော် မနေ့က ဓါတ်ပုံအရိုက်ကောင်းတာ မူးပြီးမောင်းတဲ့ ဆိုက်ကယ်တစ်စီး ၀င်တိုက်တာ ခံလိုက်ရလို့ ခြေထောက်နည်းနည်းနာသွားပါတယ်..။ ဒါကြောင့် ဓါတ်ပုံတွေ လမ်းလျှောက်ပြီး သိပ်မရိုက်နိုင်ပါဘူး..။ ဆိုက်ကယ်နောက်က ထိုင်လိုက်ပြီး ရိုက်ရမှာ ဖြစ်လို့ သိပ်ပြီး မတင်နိုင်လောက်ပါဘူး..။ ဒါပေမယ့် သူငယ်ချင်းတွေအတွက် တတ်နိုင်သလောက် ကြိုးစားပေးပါ့မယ်..။ အားလုံး ပျော်ရင် ကျေနပ်ပါတယ်…။

3rd Day of Mandalay Thingyan Festival 2008

ဘလော့ ပရိတ်သတ်ကြီး မင်္ဂလာပါ..။ (ဆိုင်းဆိုင်ခန်းဠိုင်သံဖြင့် ခပ်ဆင်ဆင်..) ကျွန်တော် ဒီနေ့တော့ ပထမ အကြတ်နေ့က ဓါတ်ပုံတချို့ တင်ပေးချင်ပါတယ်..။ ကျွန်တော် ရိုက်ထားတဲ့ ဓါတ်ပုံတွေ ကောင်းတာတွေရှိသလို မကောင်းတာတွေလည်း ရှိပါမယ်..။ ဒါပေမယ့် မြန်မာပြည်နဲ့ဝေးနေတဲ့သူတွေအတွက်.. ရွှေမန္တလေးသင်္ကြန်နဲ့ ဝေးနေတဲ့ သူတွေအတွက်တော့ အလွမ်းပြေဖြစ်ချင် ဖြစ်ပါလိမ့်မယ်..။ ဘာပဲဖြစ်ဖြစ်ပါ.. ပျော်စေချင်တဲ့ ဆန္ဒနဲ့ပါ..။ ပျက်စေချင်တဲ့ ဆန္ဒ မပါရှိရိုး အမှန်ပါ..။ ခေတ်နဲ့ စနစ်နဲ့ အပြောင်းအလဲတွေကြားမှာ ထင်ဟပ်လာတဲ့ သင်္ကြန်သွင်ပြင်ဟာလည်း အပြောင်းအလဲတွေနဲ့ အရောင်စုံနေတာပါပဲ..။ ဒါကို သတင်းပုံရိပ်အနေနဲ့ရော အမှတ်တရအနေနဲ့ပါ ကျွန်တော် အပင်ပန်းခံ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်..။ အားလုံး ခံစား ပျော်ရွှင်နိုင်ကြပါစေ.. လို့ ဆုတောင်းပါတယ်..။ မင်္ဂလာ နှစ်သစ်ဖြစ်ပါစေဗျာ..။