Monday, November 06, 2006

ရှာဖွေဖတ်ရှုမိသော အကြောင်းအရာများ ၆

နည်းပညာဆိုင်ရာ မှတ်စု

Token Passing

Token Passing Network မှာပုံစံနှစ်မျိုးနဲ့သွားတယ်။ Token တစ်ခုဟာ ချိတ်ဆက်ထားတဲ့ Network တစ်လျှောက်လုံး လှည့်ပတ်သွားလာနေတယ်။ Data ပို့လွှတ်ချင်တဲ့ Computer က Token ကိုသူ့ဆီဖြတ်အသွားမှာ လှမ်းယူလိုက်တယ်။ (ကြိုတင်ပြောထားဖို့ တစ်ခု လိုလာပါတယ်။ သင်ဟာ Network ကို အစိမ်းသက်သက်ဖြစ်နေမယ်ဆိုရင် Token Passing Technology အကြောင်းကို သိဖို့မလွယ်သေးဘူးဆိုတာ ပြောပါရစေ။ အများအားဖြင့် Computer Network မှာ Logically အနေနဲ့ ရေးသားသုံးနှုန်းတာတွေ ရှိပါတယ်။ အပြင်မှာ မျက်စေ့နဲ့မမြင်နိုင်သလို လက်နဲ့လည်း ထိတွေ့ကိုင်တွယ်လို့ မရပါဘူး။ အလွယ်ဆုံးနဲ့ အရှင်းဆုံးပြောရရင် Token ကို ကျွန်တော်တို့ 1 နဲ့ 0 Signal အုပ်စုကလေးတစ်ခုအနေနဲ့ မြင်ကြည့်ရအောင်။ Token တစ်ခုမှာ 01111 ဆိုတဲ့ Signal ဖြစ်တယ်ဆိုရင် အဲ့ဒီ Token ကို Free Token လို့ သတ်မှတ်ပါ။ 1 ဆိုရင် Data Line ပေါ်မှာ Signal တစ်ခုဖြတ်စီးတာ။ 0 ဆိုရင် Signal မစီးတဲ့ Timing တစ်ခုလို့ မှတ်ထားနိုင်ပါတယ်။ တကယ်လို့ 11111 ဆိုရင် အဲ့ဒီ Token ဟာ Busy ဖြစ်နေတယ်လို့ နားလည်ထားရပါမယ်။)

နောက်တော့ ၀င်လာတဲ့ Signal ကို စစ်ပါတယ်။ Busy ဖြစ်မဖြစ်ကို စစ်ဆေးပါတယ်။ တကယ်လို့ Busy ဖြစ်တယ်ဆိုရင် သူ့ကို သက်ဆိုင်ရာ Workstation တစ်ခုဆီကို Pass လုပ်ပေးလိုက်ပါတယ်။ Busy ဖြစ်နေတာ မဟုတ်ဘူးဆိုရင် Token ရဲ့ Header ကို Busy Token အဖြစ် ပြောင်းပါတယ်။ ပြီးတော့မှ သက်ဆိုင်ရာ Workstation နဲ့ ချိတ်ဆက်ပါတယ်။ Ring Network (Ring Topology) မှာ အဲ့ဒီနည်းပညာကို အသုံးပြုပါတယ်။

CD Technology (Continued)

Reflective Aluminum

Data ထည့်သွင်းထားတဲ့ CD တစ်ချပ်ရဲ့ အလင်းပြန်နိုင်တဲ့ Aluminum မျက်နှာစာမှာ Information တွေကို ကိုယ်စားပြုတဲ့ သန်းပေါင်းများစွာပါဝင်တဲ့ Pit တွေနဲ့ Land တွေပါဝင်ပါတယ်။ CD Drive ကနေလာတဲ့ Laser ဟာ Lands ပေါ်ကျရင် ပြန်တဲ့ အလင်းတန်းက တစ်မျိုး Pits ပေါ်ကျရင် ပြန်တဲ့အလင်းက တစ်မျိုးစီဖြစ်ပါတယ်။ အလင်းပြန်ပုံကွဲပြား ခြားနားမှုပေါ်မူတည်ပြီးတော့ လိုအပ်တဲ့ Data တွေကိုဖတ်ယူပါတယ်။

CD ကနေလာတဲ့ Laser အလင်းတန်းဟာ CD ရဲ့မျက်နှာပြင်ကို ထိရိုက်စေချင်းဖြင့် အလင်းပြန်စေပါတယ်။ Disc မျက်နှာပြင်ပေါ်မှာရှိတဲ့ Land ကို ထိမိခဲ့ရင် အလင်းတန်းဟာ Photo detector ပုံစံမပြောင်းဘဲ ဒီအတိုင်းပြန်ပါတယ်။ Pit ကိုထိမိတဲ့အလင်းဟာ ဖြာထွက်ပြီး အများစုဟာ Photo Detector ပေါ်ကို တိုက်ရိုက်မရောက်ဘဲ အလင်းအားလျော့သွားပါတယ်။ Sensor ဟာ Photo Detector ပေါ်ကိုရောက်လာတဲ့ အလင်းအားကို ဖတ်ရှုပြီးတော့ Digital Signal 1 နဲ့ 0 တွေအနေနဲ့ပြောင်းလဲပေးပါတယ်။

Plastic Coating

အောက်ဆုံး Layer ဖြစ်ပါတယ်။ Prospective Layer လို့လည်းခေါ်ပါတယ်။ အဲ့ဒီအလွှာကို နက်နက်နဲနဲ့ခြစ်ယူတာမဟုတ်ဘဲ အပေါ်ယံခြစ်မိယုံလောက်နဲ့ Data တွေမပျောက်ပျက်သွား နိုင်ပါဘူး။ Laser Beam ရဲ့ အလင်းပြန်မှုကို လမ်းကြောင်းလွဲသွားစေနိုင်လောက်ရင် Aluminum အလွှာမှာ သိမ်းထားတဲ့ အချက်အလက်တွေကို အမှန်အတိုင်း လက်ခံရယူနိုင်မှာ မဟုတ်ပါဘူး။ အဲ့ဒီအတွက် ထစ်တာတွေ ဖတ်မရတာတွေဖြစ်လာပါတယ်။

(DVD Technology will be continue)

စာအုပ်ထဲမှ မှတ်စု

Body Art

ခန္ဓာကိုယ် အနုပညာဖြစ်ပါတယ်။ ပန်းချီအနုပညာရှင်ဟာ သစ်သား၊ ကင်းဗတ်စ၊ ဆေးများကို အသုံးမချဘဲ သူ့ရဲ့ကိုယ်ခန္ဓာကို အသုံးချပြီးပြုလုပ်သွားတာမျိုးကို ခေါ်ပါတယ်။ 1960 ခုနှစ်တွေကနေ 1970 ခုနှစ်လောက်အထိ ထင်ရှားခဲ့ပါတယ်။ အမေရိကန်၊ ဥရောပ၊ သြစတေးလျ နိုင်ငံတွေမှာ ထွန်းကားခဲ့တဲ့ အနုပညာပုံစံဖြစ်ပါတယ်။ ပုံသေ သတ်မှတ်ချက် မရှိပါဘူး။ ခင်းကျင်းပြသတာရှိသလို သီးသန့်ပြသတာတွေလည်း ရှိပါတယ်။ ခန္ဓာကိုယ်ကို အသုံးပြုပြီး ပြသရတာအကုန်လုံး တူပါတယ်။ အီတလီ ပန်းချီဆရာမ Linda Montano နဲ့ ပန်းချီဆရာ Tom Marioni တို့ဟာ လက်ချင်းတွဲ လက်ထိပ်ခတ်ပြီး ကုလားထိုင်ပေါ်မှာ သုံးရက်ကြာထိုင်ပြဖူးတယ်။ အင်္ဂလန်က Chris Burden ဟာ သူ့ကိုယ်သူ သေနတ်နဲ့ ပစ်ပြတယ်။ ပန်းချီဆရာမ Gina Pane က သူမရဲ့ ကိုယ်ခန္ဓာပေါ်မှာ ဒါးနဲ့လှီးပြီး အကွက်အဆင်တွေ ပုံဖော်ပြခဲ့ဖူးတယ်။ အစွန်းရောက်တယ်။ (လွန်တယ်လို့ထင်မိတယ်။ သူတို့မို့လို့ အဲ့လိုပေါက်ကရ လုပ်နေကြတယ်။ ဒီမှာဆိုရင်တော့ အရူးလို့ ပြောကြမလားပဲ။ စာရေးသူ) စောစောပိုင်း Dadaism တွေ ဆံပင်ရိတ်ပြီး ကြယ်ပုံဖော်တာတွေက ဒါတွေနဲ့ ဆက်စပ်နေပါတယ်။ လိင်မှုကိစ္စ၊ ရှုပ်ထွေးတဲ့ လူ့အဖွဲ့အစည်း၊ မူးယစ်ဆေးဝါးတွေကို ဝေဖန်ချင်လို့ တင်ဆက်ကြတယ်။

ချစ်သူအတွက် ရည်စူးမိတဲ့ စာတစ်စ

သူ့အလှ မီးပန်းဆိုင်းလို့ ခမ်းနားထည်ဝါတယ်…
ကိုယ့်ဘ၀က ကညင်ဆီမီးခွက်ကလေးလို နုံချာတယ်..။

သူက ပင်မြင့်ထိပ်မြင့်ထက်မှာပေါက်တဲ့ တော်ဝင်သဇင်…
ကိုယ်က လမ်းဘေးမှာ ၀ါရော်နေခဲ့တဲ့ မြေစာမြက်…။

သူ့ဘ၀က နောက်ဆုံးပေါ် ရှော့ပင်းမောကြီးလို့ပြည့်စုံတယ်…
ကိုယ့်ဘ၀က ဆင်းရဲသားရက်ကွက်က အိမ်ဆိုင်ကလေးတစ်ဆိုင်လို ယိုင်နဲ့နဲ့…။

ကိုယ့်ဘ၀က ပန်းနွယ်တွေခွေထားတဲ့ ခြံတံခါးကလေးလို
အမြဲဖွင့်ထားတယ်…သူ့ဘ၀က မီးခတ်ထားတဲ့ ကနုတ်ပန်းတံခါးကြီလို
အမြဲပိတ်ထားတယ်…။

မြို့လည်ခေါင် ကြယ်ငါးပွင့် ဟိုတယ်ကြီးက
ဆင်ခြေဖုန်းရက်ကွက်ကလေးကို မေ့သွားသလို…
ကိုယ့်ကိုလည်း သူမေ့သွားခဲ့တယ်…။

ချစ်သူရေ…
ကဗျာလေးကို မျက်ရည်စနဲ့ ရေးခဲ့မိပါတယ်…။
ကိုယ့်ရဲ့ဝမ်းနည်းမှတ်တမ်းမှာ ချစ်သူနဲ့ပတ်သတ်လို့
စာမျက်နှာ မဖွင့်ပါရစေနဲ့ကွယ်…။
ရှင်သန်ခွင့်ရှိသလောက် မျှော်လင့်နေချင်တယ်။

ဟာသ

ရှေ့နေရမယ်

ရှေ့နေများ စုပေါင်းရုံးခန်းတစ်ခုရှေ့မှ ဆိုင်းဘုတ်တစ်ခုတွင် ရေးထားသည်မှာ အောက်ပါအတိုင်း ဖြစ်သည်။

ဆန္ဒရှိလျှင် နည်းလမ်းရှိ၏။
နည်းလမ်းရှိလျှင် ဥပဒေရှိ၏။
ဥပဒေရှိလျှင် စည်းကမ်းရှိ၏။
စည်းကမ်းရှိလျှင် ဟာကွက် သို့မဟုတ် ထွက်ပေါက်ရှိ၏။
ဟာကွက်နှင့် ထွက်ပေါက်ရှိလျှင် ရှေ့နေရှိ၏။
ကျွန်တော် မောင်ရမ်းနှင့် မောင်လှုတို့သည် ရှေ့နေများဖြစ်ကြသည်။

(ပထမတော့ နာမည်မတပ်ဘဲ xxx လို့ရေးမလို့ မကောင်းတတ်တာနဲ့ ဆရာသမား အကျော်ဒေးယျတွေရဲ့ နာမည်ကို ခွင့်မတောင်းဘဲ ယူသုံးလိုက်တယ်။ အဟီး… ခွင့်လွှတ်ပါခညာ)

အနည်းဆုံးခြောက်လ

နှုတ်ခမ်းမွှေးရေးရေးမျှပေါက်နေသော ဆယ်ကျော်သက်ကလေး တစ်ယောက် ဆံပင်ညှပ်ဆိုင် အတွင်းသို့ ဒရောသောပါးဝင်လာသည်။ ထိုင်စောင့်နေသူတွေကိုကြည့်ပြီး မျက်မှောင်ကုပ်သွားသည်။ ဆံသဆရာအား အာဏာသံပါပါ ဂျစ်ကန်ကန်အသံဖြင့်
“နှုတ်ခမ်းမွှေးရိတ်ဖို့ ဘယ်လောက်ကြာကြာ ကျုပ်က စောင့်ရဦးမှာလဲ”
ဆံသဆရာသည် သူ့နှုတ်ခမ်းမွှေးကို ကြည့်ပြီး ပြန်ဖြေလိုက်သည်မှာ
“ဒီပုံစံအတိုင်းဆို အနည်းဆုံးခြောက်လလောက် စောင့်ရမယ် ထင်တာပဲကွ”

နှစ်သက်မိသော သီချင်းစာသား

ကြယ်တွေစုံတဲ့ည
ကိုယ့်အိပ်မက်လေးရယ်
ကြယ်တွေစုံတဲ့ည
ဘ၀မျှော်လင့်ချင်းရယ်
ရင်ခုံသံနဲ့ထုဆစ်ထားတဲ့ သီးချင်းတွေလည်း
ရင်တွေကွဲသွားအောင်
ဆိုနေဦးမယ်…
(ထူးအိမ်သင်… ချစ်ခြင်းအားဖြင့် စီးရီးစ်မှ ကြယ်တွေစုံတဲ့ည)

ညဏ်စမ်း

အဖြေ - ငါးဥ ဆိုရင်တော့ စားနိုင်ပါတယ်။

အမေး - လူငါးယောက်ကို ပန်းသီးငါးလုံးဝေပါ။ လူငါးယောက်ကို ဝေပြီးတဲ့အချိန်မှာ ပန်းသီးတစ်လုံးက ခြင်းထဲမှာ ရှိနေရပါမယ်။

ဒီနေ့အကြိုက်ဆုံးစကား

အကြံညဏ်ပေးတယ်ဆိုတာ အမိန့်ပေးတာမဟုတ်ဘူး။

Web-Site အညွန်း

http://www.pctechguides.com/
http://www.theittutorials.com/
http://www.ittoolbox.com/
(ကျွန်တော်က Hardware နဲ့ Network ကိုစိတ်ဝင်စားတယ်။ Computer Graphic Design ကိုလည်း ထိုက်သင့်သည့်အလျောက် စိတ်ဝင်စားတယ်။ အဲ့ဒီတော့ ကျွန်တော် ညွှန်းပေးတဲ့ Web-site ကလေးတွေက အဲ့ဒါလေးတွေနဲ့ ဆက်နွယ်နေတဲ့ အကြောင်းအရာကလေးတွေ ဖြစ်နေတတ်ပါတယ်။ ဒီဝဘ်ဆိုက်ကလေးကို တွေ့တာ သိပ်မကြာသေးပါဘူး။ ကောင်းပါတယ်။)

1 Comments:

Blogger Nay Nay Naing said...

အင်း. ငါးယောက်ထဲက တစ်ယောက်ကို ပန်းသီးတစ်လုံးနဲ့  ခြင်းနဲ့  ပေးလိုက်လို့ နေမှာပေါ့ကွာ..

7:48 PM  

Post a Comment

<< Home