Saturday, July 28, 2007

Book Review - ကျွန်မ၏သစ်ပင်

ဂျူး
ကျွန်မ၏ သစ်ပင်

စာမူခွင့်ပြုချက်အမှတ် - ၆၇၇/၉၆(၁၁)

မျက်နှာဖုံးခွင့်ပြုချက်အမှတ် - ၆၅၅/၉၆(၁၁)
မျက်နှာဖုံးပန်းချီ - ပိုပို





ပုံမှန်အားဖြင့် စာရေးဆရာမဂျူးရေးသော စာအုပ်များကို ဖတ်လေ့ဖတ်ထ မရှိလှပါ။ လွန်ခဲ့သောစာအုပ် (စောင့်နေမယ်လို့ မပြောလိုက်ဘူး) ဆိုသော ၀တ္ထုမှစတင်ကာ စာရေးဆရာမဂျူး၏ စာအုပ်များကို တခုတ်တရလိုက်လံဖတ်ရှုမိသည်။ ခေတ်နှင့် စနစ်၊ လူငယ်သဘာဝနှင့် ဘ၀အခြေအနေ၊ ဘ၀အဆင့်အတန်း အနိမ့်အမြင့်၊ ပညာ၏ အမွှန်းကို ဂျူး၏၀တ္ထုတော်တော်များများတွင့် တွေ့ရသည်။

ယခုဖတ်ရသောစာအုပ်သည် ကျွန်တော်ကြိုက်သောစာအုပ်တစ်အုပ် ဖြစ်သည်။ ဂီတလောကို အခြေတည်ကာ ဇာတ်လမ်းကိုရေးသားထားသည်။ မိဘနှင့် သားသမီးကြား ဆက်ဆံရေးကို ရေးသားထားသည်မှာ ခေတ်ကာလ၏ အရိပ်ထင်ဟပ်နေသည်။ သို့သော် တချို့နေရာတွေ ကဲလွန်းသွားသည်။ ဆယ်ကျော်သက် သားတစ်ယောက် ဖခင်ကိုပြောသော ပြစ်တင်စွတ်စွဲချက်သည် ပြင်းထန်လွန်းလှသည်ဟု သုံးသပ်မိသည်။

ရော့ခ်ဂီတကို အရူးအမူးဖြစ်သော၊ “အုပ်စိုး” (ဇာတ်ကောင်)နှင့် သူငယ်ချင်းများ၏ တီးဝိုင်းအကြောင်း ရေးသည်။ မန္တလေးကို ကျောထောက်နောက်ခံထားကာ ရေးသားသော ဇာတ်လမ်းဖြစ်သည်။ ပညာမဲ့တစ်ယောက်အတွက် ငွေရှာရခက်ပုံကို ထင်းကနဲမြင်အောင် ပြထားသည်။ ဒီဘက်ခေတ် နိုင်ငံခြားဘာသာစကား၊ အထူးသဖြင့် အင်္ဂလိပ်ဘာသာစကား အရေးပါပုံကို ဖွဲ့ပြသည်။ မိတဆိုးသား ဇာတ်ကောင်သည် မိဘအိမ်မှ ခြေစုံကန်ထွက်ကာ ဖခင်က စာအုပ်အဟောင်း ရောင်း/၀ယ်ကာ ကျွေးမွေးစောင့်ရှောက်လာသည်ကို နှောင်းကြိုးအထင် ရုန်းထွက်၍ ရန်ကုန်မြို့တွင် အောက်ကျနောက်ကျခံ အလုပ်လုပ်ရင်း ကံတစ်ချက်ဟု ပြော၍ရနိုင်မည့် “ဒေါ်နီနီဇော်”ဖြင့်တွေ့ဆုံပြီး တဆင့်ပြီးတဆင့် မိမိဖြစ်ချင်သော အခြေအနေဖြစ်လာသည်ကို ရေးသည်။

ဂီတအကြောင်းကို အသားပေး ရေးသားထားသည်များ ပါဝင်နေသည်။ Copy နှင့် Owntune အကြောင်းကို ၀တ္ထု၏လေးငါးနေရာလောက်တွင် ရေးသားသည်ကို သတိထားမိသည်။ စာရေးဆရာမဂျူး ဖန်တီးသောဇာတ်ကောင်သည် Copy ကို မတတ်သာ၍ လက်ခံသီဆိုနေရပုံ ပေါ်အောင်ရေးထားသည်။ Owntune ကို အားသန်သန်ဖန်တီးဖို့အတွက် မီးမောင်းထိုးပြသည်။

ကံဆိုသောအရာမှာ လုပ်ယူ၍ရသောအရာတစ်ခုအဖြစ် ပြောသွားသော စကားလုံးကို သဘောကျမိသည်။ ယောက်ျားတစ်ယောက်၏ မာနလား မဟာပုရိသ ၀ါဒလား ယောက်ျားတစ်ယောက်ရင်ထဲတွင် ထားရှိပုံကို ရေးသည်။ အချစ်ဆိုသည့် အရာသည် တစ်ခါ တစ်ခါ မမြင်လိုက်ရ သတိမထားမိလိုက်သလို ဖြစ်နေတတ်သည်။ ရင်ဘတ်ဆီသို့ ငုံ့ကြည့်ဆင်ခြင်လိုက်ရာတွင် ကိုယ်ထင်သည်နှင့် ဖြစ်ပေါ်နေသည့်အရာ လွဲနေပြန်သည်ကို တွေ့ရသည်။

စာမျက်နှာ ၅၁၉ မျက်နှာပါဝင်သည်။ ၁၉၉၇ ဖေဖော်ဝါရီမှာ ပထမအကြိမ် ပုံနှိပ်ထုတ်ဝေသည်။

Credit to Ko ThaKhinGyi to borrow book for me.

Labels: , ,