ရှာဖွေဖတ်ရှုမိသော အကြောင်းအရာများ (၉)
ကားလ်မာက်စ်က ဆိုရှယ်လစ်စီးပွားရေးစနစ်နဲ့ အတော်လေး ပတ်သတ်သူပါ။ ဒါပေမယ့် သူ ဆိုရှယ်လစ်ဝါဒအကြောင်း သိပ်ရေးခဲ့တာ မရှိပါဘူး။ အရင်းရှင်စီးပွားရေးကို လေ့လာစူးစမ်းပြီး အဲဒီစနစ်ကြောင့် ဖြစ်လာတဲ့ ပြဿနာတွေကို ခွဲခြမ်းစိတ်ဖြာ ပြောပြခဲ့ပါတယ်..။ အဲဒီစကားက အတော်လေးအရေးပါပါတယ်..။
နောက်တစ်ချက်က အဲဒီဖြစ်လာတဲ့ ပြဿနာရပ်တွေကို စီးပွားရေး ပေါ်လစီတွေ ချမှတ်ဖြေရှင်းလို့ လုံးဝမရဘူး၊ တခြား နည်းလမ်းတွေနဲ့လည်း ဖြေရှင်းလို့ လုံးဝမဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ အဲဒီပြဿနာ ဆိုတဲ့ဟာတွေက အရင်းရှင်စနစ်ရဲ့ မရှိမဖြစ် လက္ခဏာတွေ ဖြစ်နေတယ်..။ အဲဒီပြဿနာတွေကပဲ အရင်းရှင်စနစ်ဆိုတဲံ အဆောက်အဦးကို ဖြိုဖျက်ပစ်နိုင်မယ့် အရာတွေဖြစ်လာလိမ့်မယ်လို့ မာ့က်စ်က ဟောပါတယ်။
မာ့က်စ်ရဲ့ဘဝ
၁၈၁၈ မှာ ဂျာမဏီ ထရီယာမြို့က ဂျူးလူလတ်တန်းစား မိသားစုကနေ မွေးဖွားခဲ့သူ မာ့က်စ်ကို သူ့ဖခင်ရဲ့ သူငယ်ချင်းဖြစ်တဲ့ ဘေရွန်ဘက်ဖာလင်းက စာသင်ပေးခဲ့တယ်..။ နောက်တော့ အဲဒီမြို့မှာပဲ အထက်တန်းကျောင်းပြီး သွားတယ်။ အဲဒီကနေ ဘွန်းတက္ကသိုလ်သွားပြီး ဥပဒေ ပညာသွားပြီးသင်တယ်။ အမှုအခင်းကိစ္စတွေကို ငြီးငွေ့လာတဲ့ မာ့က်စ်ဟာ အတွေးအခေါ်တွေ စိတ်ဝင်စားပျော်မွေ့လာတယ်..။ ဒီလိုကနေ ဘာလင်တက္ကသိုလ်ကို ပြောင်းပြီး ကျောင်းတက်တယ်။ အဲဒီအချိန်တုန်းက Hegelian philosophy (ဟေဂဲလ် ဒဿန) ခေတ်စားပြီး သင်ကြားပို့ချနေချိန် ဖြစ်တယ်။
စကားမစပ် ဟေဂဲလ်ရဲ့ ဒဿနတချို့ ထည့်ပြောချင်ပါတယ်။ လူမှုဘ၀ဟာ မပြတ်လှုပ်ရှား ပြောင်းလဲနေတယ်။ အယူအစတိုင်း အင်အားတိုင်မှာ သူနဲ့ဆန့်ကျင်ဘက် အင်အားတစ်ခု ဖြစ်လာတယ်..။ နောက်တော့ အဲဒီအင်အားနှစ်ခု တိုက်မိပြီး ပြောင်းလဲမှု ဖြစ်တယ်..။ မာ့က်စ်တင်ပြခဲ့တဲ့ စီးပွားရေးစနစ်တိုင်းဟာ သူနဲ့ဆန့်ကျင်မယ့် အင်အားစုတစ်ခုဖြစ်လာပြီးတော့ အဲဒါကြောင့်ပဲ အရင်းအမြစ်ပြောင်းလဲမှု ဖြစ်ရတယ်ဆိုတဲ့ အချက်ဟာ ဟေဂဲလ်ရဲ့ ဒဿနကို အခြေခံထားတာ ဖြစ်ပါတယ်။
၁၈၄၁မှာ ဒဿနိက ဗေဒဆိုင်ရာ ပါရဂူဘွဲ့ရပြီး Jenny ဆိုတဲ့ အမျိုးသမီးနဲ့ လက်ထပ်ပြီး ဒဿနိကဆရာအနေနဲ့ အလုပ်မရတော့ ကလုံးမြို့မှာ Rheinische Zeitung သတင်းစာမှာ အယ်ဒီတာဝင်လုပ်ပါတယ်။ လစ်ဘရယ်လ် အယူအစတွေ ဇောင်ပေးဖော်ပြခဲ့တဲ့ မာ့ခ်စ်ရဲ့ သတင်းစာကို တစ်နှစ်လောက်အကြာမှာ အာဏာပိုင်တို့က ထုတ်ဝေခွင့် ရပ်လိုက်ပါတယ်။ အဲဒီကနေ ပြင်သစ်နိုင်ငံ ပါရီကို ပြောင်းလာရတယ်။ ဆိုရှယ်လစ် ကွန်မြူနစ်တွေနဲ့ တော်တော်များများနဲ့ တွေ့တယ်.။ ဖရက်ဒရစ် အိန်းဂဲလ်စ် (Frederick Engels) နဲ့ စတွေ့တယ်။
(Frederick Engels)
အဲဒီအချိန်မှာ Frederick Engels က စာအုပ်တစ်အုပ်ထုတ်တယ်..။ The Condition of the Working Class in England ဆိုတဲ့စာအုပ်။ မာ့ခ်စ်နဲ့ အိန်းဂဲလ်စ်တို့ဟာ စိတ်ဓါတ်ချင်းတူ အမြင်ချင်းတိုက်ဆိုင်ပြီး ရဲဘော်ရဲဘက် ဖြစ်သွားတယ်..။ မှတ်မှတ်သားသား ဖြစ်ရတာက မာ့ခ်စ်ရဲ့ ဘ၀နောက်ပိုင်း ကာလတစ်လျှောက်လုံးမှာ အိန်းဂဲလ်စ်က ငွေကြေးထောက်ပံ့ကူညီပေးခဲ့တာ ဆိုတာပဲ။
မာ့ခ်စ်ရဲ့ ပြုပြင်ပြောင်းလဲရေး အတွေးအမြင်တွေဟာ သူ့ကို ပါရီမှာ ဆက်နေခွင့်မရပါဘူး..။ နောက်တော့ လန်ဒန်ကို သွားနေရတဲ့အခြေအနေရောက်သွားပါတယ်..။ မာ့ခ်စ်ဟာ သူ့ရဲ့ဘ၀နောက်ပိုင်း ၃၃နှစ်လုံးလုံး လန်ဒန်မှာ နေထိုင်ခဲ့ရပါတယ်။
မာ့က်စ်ရေးခဲ့ တွေးခဲ့တာတွေမာ့က်စ်က အရင်းရှင်စနစ် စီးပွားရေးလည်ပတ်ပုံတွေ ပြောတယ်..။ စီးပွားရေးရာ သမိုင်းစဉ်အတွင်းမှာ အရင်းရှင်စနစ်ရဲ့ နေရာကဏ္ဍကို ဖော်ထုတ်ဖို့ ကြိုးစားခဲ့တယ်..။ အရင်းရှင်စနစ်ဟာ တိုင်ပြည်တစ်ခုမှာရှိတဲ့ စီးပွားရေးသမိုင်းတစ်ခုရဲ့ ဖြစ်စဉ်ဖြစ်ရပ်တစ်ခုလို့ သုံးသပ်တယ်။
လူရဲ့အစမှာ စီးပွားရေးဆိုတာ ဟင်းစားရှာ၊ သစ်ဥတူး၊ သစ်ရွက်ခြွေကနေ စတယ်။ အဲဒီကနေ နေရာတစ်နေရာ သတ်မှတ်ပြီး ထွန်ယက်စိုက်ပျိုးတာ..။ အဲဒီကနေ မြေရှင်ပဒေသရာဇ်စီးပွားရေးကို ပြောင်းတယ်..။ အဲဒီမှာ တောင်သူလယ်သမားတွေဟာ မြေရှင်တွေကို သူတို့ထွန်ယက်ထားရတဲ့ သူတို့ တပင်တပန်း ထုတ်လုပ်ထားရတဲ့ ထွက်ကုန်တွေကို တစိတ်တပိုင်း ဆက်သရတာ..။ အဲဒီမှာ မြေရှင်တွေက သူ့ကုန် ကိုယ့်ကုန်ကို ပြည်တွင်း/ပြည်ပ ဖလှုယ်တာတွေ လုပ်တယ်..။ ဒီကနေ အရင်းရှင်စနစ် ဖြစ်လာတယ်..။
နောက်တစ်ဆင့်ရောက်တော့ နည်းပညာသစ်.. စက်ယန္တယား အသစ်တွေ ပေါ်လာတယ်..။ အဲဒါ ပျှမ်းမျှအနေနဲ့ လူနေမှုအဆင့်အတန်းကို မြှင့်လိုက်တာ..။ ကောင်းတဲ့အချက်လို့ ပြောလို့ရတယ်..။ လယ်ယာကျေးလက်မှာ အချည်းအနှီး အကျိုးမဲ့ဖြစ်နေတဲ့ အလုပ်သမားတွေ ခေါ်ပြီး အလုပ်လုပ်ခိုင်းလို့ရသွားတဲ့အတွက်လည်း ကောင်းတဲ့ အချက်ဖြစ်တယ်လို့ သူသုံးသပ်တယ်..။
အရင်းရှင်စနစ်ဟာ ကောင်းတဲ့အချက်တွေထက်က စာရင် မကောင်းတဲ့အချက်တွေ ပိုများနေတယ်..။ အဲဒါတွေက အရင်းရှင်စနစ်ရဲ့ သရုပ်သကန်ဖြစ်နေတော့ အပြောင်းအလွဲလုပ်လို့ လုံးဝမဖြစ်နိုင်ဘူး..။ မာ့က်စ်ရဲ့ ကွန်မြူနစ် ကြေငြာစာတမ်းမှာ ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေ ရေးသားထားတာ တွေ့ရတယ်..။ အခမဲ့ ပညာရေး၊ အခမဲ့ ပြည်သူ့စာကြည့်တိုက်၊ ကလေးအလုပ်သမား ခိုင်စေမှု ရပ်နားရေး၊ ၀င်ငွေအနည်းအများအလိုက် အမြတ်ခွန် အဆင့်ဆင့် တိုးမြင့်ကောက်ခံရေး၊ အမွေဆက်ခံမှုအားလုံး ရပ်စဲရေး၊ ဆက်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကို အစိုးရ ထိန်းချုပ်ရေး၊ နိုင်ငံတော် ဘဏ်တစ်ခု ထူထောင်ရေး.. စတာတွေ ပါဝင်ပါတယ်..။ ဒါ.. သူတတ်နိုင်သလောက် ကုစားလို့ရတဲ့ နည်းလမ်းတွေ ရှာထုတ်ပြထားတာပါ..။
ဒါပေမယ့် သူက အဲဒီနည်းလမ်းတွေဟာ ဆေးမြီးတိုတွေပဲ..။ ဘယ်လိုကုကု သေကို သေမယ့်မသာတစ်ကောင်လို အရင်းရှင်စနစ် ကျဆုံးမယ်ဆိုတာ သူယုံကြည်တယ်..။
အရင်းရှင်တို့ ခေါင်းပုံဖြတ်နည်း
အလုပ်သမားတွေဆီကနေ ခေါင်းပုံဖြတ်တဲ့နည်းလမ်း သုံးခုရှိတယ် ပြောပါတယ်..။ ပထမတစ်နည်းက တစ်နေ့တာ အလုပ်ချိန်ကို တိုးလိုက်တာ…။ လုပ်ခ အပြောင်းအလဲကလည်း မရှိ၊ အလုပ်ချိန်ပဲ တိုးလိုက်တဲ့အတွက် အလုပ်သမားတွေဆီကနေ တစ်နေ့တာအတွက် အပိုထုတ်လုပ်မှု ပိုရလာနိုင်တယ်..။
ဒုတိယနည်းက အလုပ်လုပ်နှုန်း တိုးမြှင့်လိုက်တာ..။ အလုပ်သမားတွေ ဝေ့မနေအောင် လုပ်ထားတာ..။ အချိန်ကို အတိအကျ ချပြီး လုပ်ခိုင်းတာမျိုး..။ တစ်ယောက်က လိုက်ပြီးကြပ်မတ်ပေးတယ်.။ အလုပ်သမားတွေ မခိုမကပ်နိုင်အောင် လိုက်လုပ်တယ်..။ နေ့လည်နေ့ခင်း နားချိန်လျှော့ချတယ်..။ ပုံမှန် ၁၀၀ ထုတ်နိုင်ရင် တစ်နေ့ကို ၁၁၀ ထုတ်နိုင်အောင် မြန်မြန်သွက်သွက် လုပ်ခိုင်းတာမျိုး..။ နောက်တစ်နည်းက တော်တော်ဆိုးတယ်..။ ပစ္စည်းကို ပေါချောင်ကောင်းသုံးပစ်တာ..။ အဲဒီအချက် လုပ်နိုင်သလို အလုပ်သမားကို လခလျှော့ပစ်တာ..။ ဥပမာ ယောက်ျားအလုပ်သမားဆိုရင် ပိုပေးရတယ်..။ ဈေးပေါအောင် အမျိုးသမီး အလုပ်သမားနဲ့ ကလေးအလုပ်သမားတွေ ထည့်ပြီးခိုင်းပစ်တယ်..။ ဒါမျိုးကို ခေါ်တာ..။ အဲဒီအတွက် လုပ်ခစရိတ် သက်သာတယ်..။ ပစ္စည်းစရိတ်သက်သာတယ်..။
အပြိုင်အဆိုင်
အဲဒီလို ခေါင်းပုံဖြတ်မှုတွေ ဘာကြောင့်ဖြစ်သလဲဆိုတဲ့ တွန်းအားကို လိုက်ရှာတော့ ပြိုင်ဆိုင်မှုဆိုတာ သွားတွေ့တယ်..။ ပြိုင်ဆိုင် လုပ်ကိုင်နေရတဲ့အတွက် လုပ်ငန်းတွေဟာ အမြတ်အစွန်းရဖို့ဆိုတာ သိပ်မဖြစ်နိုင်ဘူး..။ ပြိုင်ဘက်ထက် မသာရင်တောင် တန်းတူမလုပ်နိုင်ရင် အဲဒီလုပ်ငန်း ဂန့်သွားမှာပဲ..။ ဒီတော့ အလွယ်ဆုံးနည်းက အလုပ်သမားတွေရဲ့ ကုန်ကျစရိတ် အသက်သာဆုံးဖြစ်ဖို့ လုပ်.. အမြတ်အစွန်း များများကျန်ဖို့လုပ်.. လုပ်ငန်းရှင်သန် တည်တန့်နေဖို့လုပ်.. အဲဒါတွေကနေ ပိုပြီး ခေါင်းပုံဖြတ်မှုတွေ ဖြစ်လာရတယ်..။
(အချိန်ရရင် ဆက်ရေးပါမည်)
0 Comments:
Post a Comment
<< Home