စာရေးဆရာ တာရာမင်းဝေ ကွယ်လွန်ခြင်း
သြဂုတ် (၅) ရက်နေ့ ညနေပိုင်းမှာ နိုင်ငံကျော် စာရေးဆရာ တာရာမင်းဝေ အသည်းရောင် အသားဝါစီ ရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်..။ ပန်းခေတ်ကလမင်း လုံးချင်းဝတ္ထုနဲ့ စတင်နာမည်ကျော်ကြားလာခဲ့တဲ့ လူငယ်စာရေး ဆရာတစ်ယောက် ဖြစ်ပါတယ်..။နာမည်အရင်း ချစ်ညီညီ(ခေါ်) ရွှေဘုန်းလူ ဖြစ်ပါတယ်..။ ကဗျာဆရာ ဒတ္ထရဲ့ညီ ဖြစ်ပါတယ်..။ ဇနီးဖြစ်သူ စာရေးဆရာမ မနော်ဟရီနဲ့ သူ့ရဲ့ တစ်ဦးတည်းသောသားလေး ခေတ်နေကို ချန်ထားပြီး ကြွေလွင့်ခဲ့တယ်..။
စိတ်ထိခိုက်မိတဲ့ သတင်းဆိုး တစ်ခုပါ..။ ကျွန်တော် စာရေးဆရာ တာရာမင်းဝေရဲ့ စာအုပ်တော်တော်များများ ဖတ်ခဲ့ဖူးပါတယ်..။ သိပ်ကိုတော်တဲ့သူ သိပ်ကိုထူးချွန်ခဲ့သူတစ်ယောက်ဆိုတာ ကျွန်တော်တို့ လက်မခံဘဲ မနေနိုင်ပါဘူး.။ ဆရာတာရာမင်းဝေ ကွယ်လွန်ခြင်းဟာ ပို့စ်မော်ဒန်စာပေခေတ်ရဲ့ ဆုံးရှုံးမှုတစ်ခုပေါ့..။ ကျွန်တော် သတင်းကို ကြားကြားချင်းမှာ မဟုတ်ဘူး.. မမှန်ဘူးလို့ ထင်ခဲ့မိပါတယ်..။ နောက်တော့ နီးစပ်ရာ အသိုင်းအ၀ိုင်းတွေရဲ့ စကားသံတွေကြောင့် သေချာသွားခဲ့တယ်..။
သေမင်းဟာ သိပ်ကို အကောင်းကြိုက်လွန်းပါလားနော်..။ အသက် ၄၂ နှစ်သာ ရှိသေးတဲ့ ဆရာ .. လောကကနေ ထွက်ခွာသွားတာ စောလွန်းတယ်..။ ကျွန်တော် ဆရာ့ကဗျာတွေ စာတွေကို အငမ်းမရဖတ်ချင်ပါသေးတယ်..။
ဆရာတာရာမင်းဝေရဲ့ လုံးချင်းဝတ္ထုစာအုပ် အရေအတွက် လေးဆယ်ကျော် ထွက်ခဲ့ပါတယ်..။ ကျွန်တော့်ဆီမှာ ၄၂ အုပ်ရှိပါတယ်..။ ကျွန်တော် အဲသလောက် အရူးအမူးနှစ်သက်ခဲ့သူပါ..။ အခုတော့ ကြွေလွင့်စောလိုက်တာ..။
ပန်းရိုင်းတွေပွင့်တဲ့ စိမ်းဖန့်တဲ့တောမှာ လိပ်ပြာတွေအတောင်ပံခပ်နေတယ် ဆရာ..။
Labels: News, TarYarMinWai

