Sunday, August 05, 2007

ဓါတ်ပုံဆရာတွေကတဆင့် ပြောသောစကား

ကျွန်တော် အင်တာနက်ပေါ် ဟိုလျှောက်သွား ဒီလျှောက်သွား လုပ်ရင်းကနေ ပုံလေးတွေ တွေ့လာတာပါ..။ ကျွန်တော် ဓါတ်ပုံဆရာတစ်ယောက် မဟုတ်သလို ဓါတ်ပုံလည်း ကောင်းကောင်းမရိုက်ဖူးပါဘူး..။ ဒါပေမယ့် ကျွန်တော့်မိတ်ဆွေတွေက သိပ်ကိုတော်တဲ့ ဓါတ်ပုံဆရာတွေ ဖြစ်နေပါတယ်..။ ကျွန်တော် အခုလို ဓါတ်ပုံရိုက်ယူနေတဲ့ ပုံတွေကို မြင်တော့ သူတို့ကို သတိရမိတယ်..။ ဒီအတွက် ကျွန်တော် ဒီပုံလေးတွေကို ဘလော့မှာ တင်ပေးတာပါ..။


အပေါ်က ပုံကိုမြင်တော့ Lens တွေအကြောင်း ပြောပြတတ်တဲ့ ကိုသခင်ကြီး (ကိုဂျေ)တို့၊ ကိုမောင်လှတို့ ကိုသတိရမိတယ်..။ သူဆိုရင် ဒီလို ကင်မရာ ဒီလို Lens တွေနဲ့ ဓါတ်ပုံလှလှတွေ ရိုက်ယူမလား မသိဘူး..။ သိပ်လည်း လိုချင်မယ် ထင်မိတယ်..။ ထီပေါက်ရင် မ၀ယ်လောက်တဲ့ ပစ္စည်းတွေ ထင်ပါရဲ့ဗျာ..။


အပေါ်က လူကို ကြည့်ပါဦး..။ ရုတ်တရက်ဆိုရင် စနိုက်ပါသမားများလား မှတ်ရတယ်..။ ခဲရာခဲဆစ်ကို ရိုက်ယူရတယ်ဆိုတာ သိပ်ကို ပေါ်လွင်တာပေါ့ဗျာ..။ ဒီလူတွေ သူတို့ရဲ့ ၀ါသနာအရ လုပ်တာ..။ အနုပညာတစ်ခု ဖန်တီးတာ..။ ဒါပေမယ့် ပေးဆပ်ရတာ သိပ်များလွန်းတယ်..။ အဲဒီအပြင် သူတို့လည်း ရသင့်ရထိုက်သလောက် အခုဆို ရနေကြပြီပေါ့လေ..။

သူတို့တွေ အဲသလိုရိုက်နေတော့ မြန်မာ့ဓါတ်ပုံဆရာတွေလည်း ဘယ်လိုခဲရာ ခဲဆစ်နဲ့ ရိုက်ယူသလဲ..။ ဒါ့အပြင် ဘယ်သူတွေက ဘယ်လိုဖန်တီးမှုအတွက် ဘယ်လိုများ အသုံးချပြီး ရိုက်ရသလဲ..။ အဲဒါအပြင် ဘယ်သူတွေကရော ဘယ်လောက်အထိ အသိအမှတ်အပြုခံရပြီး အကျိုးအမြတ် ခံစားရသလဲဆိုတာ သိချင်မိတယ်..။


အပေါ်က ပုံလေးက အမျိုးသမီးတစ်ယောက် သူလိုချင်တဲ့ ရှု့ခင်း ရှု့ကွက်ကလေးကို ရိုက်ကူးနေတာပေါ့..။ ရေတွေ..။ နိမ့်ရာကို စီးလာတဲ့ရေတွေမှာ ဘာတွေကများ သူမကို ဖမ်းစားထားလဲ မသိဘူး..။ အမျိုးသမီး ဓါတ်ပုံဆရာတစ်ယောက်အတွက် သိပ်ပင်ပန်းလွန်းမလား မပြောတတ်ဘူး..။ ဒါလည်း ၀ါသနာဆိုတဲ့အရာလေးက သူတို့ရဲ့ ပင်ပန်းဆင်းရဲကို မေ့ဖျောက်ပစ်လိုက်တာ ထင်ပါရဲ့..။

ကြိုးစားမှုရှိချင်ရှိလိမ့်မယ်..။ အခွင့်အရေးမရှိရင် အလကားပါလေ..။ တော်ချင်တော်လိမ့်မယ်.. အခွင့်အရေးအရေး မရှိရင် အလကားပဲပေါ့..။ ဘာတွေ ဘယ်လောက်တော်နေ တော်နေ ရေခံမြေခံ တစ်နည်းပြောလို့ရမယ့် ပါတ်ဝန်းကျင်ရဲ့ အထောက်အပံ့နဲ့ ကိုယ်ရသင့်တဲ့ အခွင့်အရေးရမှာသာ ကိုယ်ဟာ ဘာဆိုတာ ဖြစ်လာမှာ မဟုတ်ဘူးလား..။

လူတစ်ယောက် မပြောပါနဲ့..။ သစ်စေ့လေးတစ်စေ့ကနေ သစ်ပင်တစ်ပင်ဖြစ်ဖို့အတွက် နေ၊ရေ၊လေ၊မြေ တွေ သင့်တင့်စွာပေါင်းစပ်မှ ဖြစ်လာတာမျိုးပေါ့..။ လူတစ်ယောက် ဘယ်လောက်အောင်မြင်သလဲ.. ဘာဖြစ်သွားသလဲ ဆိုတာ သူ့ဝန်းကျင်နဲ့ သိပ်ကို သက်ဆိုင်တာပဲလေ..။

သိပ်တော်ပါတယ်.. သိပ်ကိုလည်း ထက်မြက်ပါတယ်.. သိပ်လည်း ထူးချွန်ပါတယ်.. သိပ်လည်း အောင်မြင်ပါတယ်.. သိပ်ကို ယုံကြည်ဖို့ ကောင်းပါတယ်ဆိုတဲ့သူတွေလည်း အခြေအနေ မရှိ အခွင့်အလမ်း မရှိရင် အဲဒီဟာတွေ အလကားပါပဲ..။

Labels: , ,

2 Comments:

Blogger Photographic Enthusiasts Group said...

အရမ်းကြည့်လို့ကောင်းတဲ့ပုံတွေပါ
ဓါတ်ပုံဆရာတွေထဲက တကယ့် pro တွေ ပုံကောင်းတစ်ပုံရဖို့ ဘယ်လိုရိုက်ကြတယ်ဆိုတာ တွေ့ရမြင်ရတဲ့အတွက် ကျေးဇူးလဲအထူးတင်ကြောင်းပါ

3:46 AM  
Blogger Photographic Enthusiasts Group said...

အားလုံးသော ဓါတ်ပုံဆရာများအတွက် photographers in action ဆိုတဲ့ group လေးတစ်ခု စီစဉ်ပေးထားပါတယ်။ flickr ပေါ်မှာပါ ။
အခုထည့်ပေးလိုက်တဲ့ URL မှာပါ
ဓါတ်ပုံဆရာတွေအနေနဲ့ သူတို့လှုပ်ရှားမှုတွေကိုပြန်ရိုက်ထားတဲ့ ပုံတွေကိုပြန်ကြည့်နိုင်ဖို့ အခွင်အရေးအလွန်နည်းပါးပါတယ်။ ဒါကြောင့် ကျနော်စီစဉ်ထားရတာပါ။

4:15 AM  

Post a Comment

<< Home